ရိုက်ကွင်းနောက်ကွယ်က Rachel McAdams ရဲ့ အခမ်းနားဆုံး ဓါတ်ပုံတစ်ပုံ
20 Dec 2018 1,443 Views
“Doctor Strange” “Disobedient” အစရှိတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီး “Rachel McAdams” ဟာ “Girls Girls Girls” မဂ္ဂဇင်းအတွက် မျက်နှာဖုံးရိုက်ကူးနေစဉ်က ရိုက်ကွင်းနောက်ကွယ်မှာ မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ ကလေးအတွက် အချိန်ပေးနေတဲ့ ပုံကို ဓါတ်ပုံဆရာမ Claire Rothstein က လျှပ်တပြတ်ရိုက်ကူးခဲ့ပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ဒီဇိုင်နာအင်္ကျီ ဗဆာချီ၊ စိန်လည်ဆွဲတို့နဲ့ နို့ရည်ညှစ်ကရိယာတပ်ဆင်ပြီး နို့ဗူးထဲကို နို့ရည်စုဆောင်းနေတဲ့ ဓါတ်ပုံဟာ ဘယ်တုန်းကမှ မတွေ့မမြင်ဖူးတဲ့ ပုံစံနဲ့ ထူးခြားဆန်းပြားနေပြီး ကလေးရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ အလုပ်နဲ့ မိသားစုကြား ဟန်ချက်ညီအောင် ရုန်းကန်လှုပ်ရှားမှုကို ဖော်ကျုးသလို မိခင်တွေအနေနဲ့ ကလေးတွေကို မိခင်နို့ရည်သာ တိုက်ကြဖို့ကိုလည်း အားပေးရာ ရောက်ခဲ့ပါတယ်။ ဒီပုံကို တင်ဖို့အတွက် သူမှာ အကြောင်းအရင်းပေါင်း သန်းနဲ့ချီရှိပါတယ်လို့လည်း ဓါတ်ပုံဆရာမ Claire Rothstein က ရေးသားခဲ့ပါတယ်။
Rachel McAdams ဟာ ရိုက်ကူးရေးလုပ်နေစဉ် သူမရဲ့ ၆ လသား ကလေးလေးအတွက် အချိန်ပေးပြီး နို့ရည်စုဆောင်းခဲ့တာဖြစ်ပါတယ်။ ယခုလို လုပ်ရပ်အတွက် ပရိသတ်အမြောက်အများရဲ့ ချီးကျူးအားပေးမှုကို ခံခဲ့ရပါတယ်။
Rachel McAdams ဟာ ကနေဒါနိုင်ငံသူ ရုပ်ရှင်မင်းသမီးဖြစ်ပြီး သူမရဲ့ချစ်သူ အမေရိကန် ဇာတ်ညွှန်းရေးဆရာ Jamie Linden နဲ့ ရခဲ့တဲ့ ပထမဦးဆုံး သားဦးလေးကို သူမ အသက် ၄၀ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Rachel McAdams ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာတွေကို သိပ်ပြီး ထုတ်ဖော်ပြောလေ့မရှိတာကြောင့် သူမကိုယ်ဝန်ဆောင်နေခဲ့တာကိုလည်း သိတဲ့သူ မရှိသလောက် နည်းပါတယ်။
ကလေးမွေးဖွားခဲ့တာနဲ့ ပက်သက်ပြီး Rachel McAdams က”ကျွန်မဘဝမှာ အကြီးကျယ်အခမ်းနားဆုံး အဖြစ်ပျက်ကြီး ဖြစ်လာတာပါပဲ” လို့ နိုဝင်ဘာလတုန်းက ဆန်းဒေးတိုင်းမ်းစ် သတင်းဌါနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။