လိုအပ်ရင် မိန်းကလေးတွေအတွက် Gym Trainer လုပ်ပေးမယ်ဆိုတဲ့ ထူးအောင်
19 Dec 2018 2,386 Views
ထူးအောင်ကတော့ မော်ဒယ်လောကမှာ နာမည်ရကျော်ကြားရုံသာမက သရုပ်ဆောင်လောကမှာပါ ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ ကြွေကျလောက်စရာ အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကိုဖမ်းစားထားတဲ့ ထူးအောင်ကတော့ ပရိသတ်တွေကြား ရေပန်စားနာမည်ကြီးသူလဲဖြစ်ပါတယ်။ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ အားကြရတဲ့ အမိုက်စားဘော်ဒီကိုပါ ပိုင်ဆိုင်ထားကာ ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်နဲ့ ယောကျာ်းပီသသူဖြစ်တာကြောင့် ကိုကိုတွေကိုသဘောကျသူတွေအတွက်တော့ ဆွဲဆောင်မှုရှိသူတစ်ဦးပါနော်။
Gym ဆော့ရတာကို အလွန်နှစ်သက်ပြီး ကိုယ်တိုင်လဲ အမိုက်စားဘော်ဒီရအောင် ကြိုးစားနေတဲ့ထူးအောင်ကိုတော့ Gym Trainer အဖြစ်လုပ်ပေးစေချင်တဲ့သူတွေရှိလို့နေပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး Trainer လိုရင် မိန်းကလေးတွေကိုလဲ Gym Trainer လုပ်ပေးသွားမယ့်အကြောင်းကို အင်တာဗျူးတစ်ခုကနေ ပြောကြားသွားခဲ့ပါတယ်။
ထူးအောင်ပြောသွားတာကတော့ “Gym Trainer လုပ်စေချင်တဲ့သူတွေရှိတော့လဲ ကောင်းတာပေါ့။ ဒီခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ရတယ်၊ ထိန်းသိမ်းရတယ် ဆိုတာမလွယ်ကူပါဘူး။ အများကြီးလုပ်ရတယ်၊ အကြာကြီးလုပ်ရတယ်။ အခုလဲ အဲ့လိုဖြစ်ချင်တဲ့သူတွေ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဒီ celebrity တွေထဲကဖြစ်ချင်တယ်ဆိုရင် ကျွန်တော်လုပ်ပေးနေပါတယ်။ အခုလောလောဆယ် trainer လုပ်ပေးနေတာကတော့ ကိုမိုးယံဇွန်ရယ် ကိုထွန်းကိုရယ်ရှိတယ်။ နောက်ပိုင်းကျ မိန်းကလေးတွေကိုပါ လုပ်ပေးဖို့ရှိပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။
ကိုယ်တိုင် Gym ဆော့ရတာနဲ့ပတ်သက်ပြီး “မော်ဒယ်လောကကိုဝင်ကာစ Gym ဆော့ဖြစ်ရင်းနဲ့မှ ဒါကို Crazy ဖြစ်သွားပြီး ဒါကြီးကိုမဆော့ရရင်တောင် ရူးချင်သလိုလိုအဲ့လိုဖြစ်နေတယ်” ဆိုကာ Gym ဆော့ရတာကို အရူးအမူးစွဲလမ်းနှစ်သက်သူတစ်ယောက်ဖြစ်ကြောင်း ရယ်မောရင်းပြောသွားခဲ့ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လို့လက်ရှိမှာ single ဖြစ်နေတဲ့ထူးအောင်က မောင်လို့ခေါ်ခံရတာကို မကြိုက်ပဲ ကိုကိုလို့ခေါ်ခံရတာကို ပိုကြိုက်သူပါတဲ့လေ။ ထူးအောင်ကတော့ မကြာသေးမီက ထုတ်လွှင့်ပြသသွားတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ ရုပ်ရှင်တွေရိုက်၊ ပွဲတက်၊ ကြော်ငြာတွေရိုက်ကူးရင်း အနုပညာလမ်းကြောင်းကို အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။
Source_8day