BEC-TERO TV

သားဖြစ်သူကို တရားမျှတမှုမရှိတဲ့ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် အယူခံဝင်သွားမယ်ဆိုတဲ့ အောင်ရင်

17 Dec 2018     1,308 Views


မကြာသေးမီရက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးအမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် စုစုပေါင်း (၁၇) နှစ်ချမှတ်ခံလိုက်ရတဲ့ သတင်းဆိုးကြီးကတော့ ပရိသတ်တွေကြားထဲသာမက အနုပညာရှင်တွေကြားထဲမှာပါ ရှိန်အဟုန်းပြင်းပြင်းနဲ့ ရိုက်ခတ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက်ရဲ့ရှင်သန်ရမယ့်ဘ၀အချိန်တွေကို ထောင်ထဲမှာသာ ကုန်ဆုံးရတော့မှာဖြစ်တဲ့အတွက်ကြောင့်လဲ အားလုံးကမိုးအောင်ရင်အတွက် စိတ်မကောင်းကြီးစွာဖြစ်လို့နေကြပါတယ်။



လူငယ်တစ်ယောက်ကို အသိတရားရအောင် ပြစ်ဒဏ်ပေးတဲ့နေရာမှာ တရားမျှတမှုမရှိပဲ ဘ၀ကိုချိုးနှိမ်ရာရောက်တယ်လို့ ဖခင်ဖြစ်သူ ဦးအောင်ရင်က ဒီဇင်ဘာ ၁၆ ရက်နေ့က Orchid Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့ ရေနွေးကြမ်းစကားဝိုင်းမှာ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံခဲ့ရသူ (၃) ဦးအနက် ကျန်နှစ်ဦးမှာ ထောင်ဒဏ် (၃) နှစ်စီသာချမှတ်ခံခဲ့ရပြီး မိုးအောင်ရင်တစ်ယောက်သာ ထောင်ဒဏ် (၁၂) နှစ်ချမှတ်ခံလိုက်ရတာကြောင့် ဖခင်ဖြစ်သူဦးအောင်ရင်မှ လူသတ်မှုလဲမဟုတ်၊ နိုင်ငံတော်ပုန်ကန်တဲ့ အမှုလဲမဟုတ်ပဲ ပထမဆုံးအကြိမ်ကျူးလွန်မိတဲ့ အမှားအတွက် တရားမျှတမှုမရှိစွာ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ သားဖြစ်သူအတွက် အယူခံဝင်သွားမယ်ဆိုတဲ့ အကြောင်းကိုပါ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။


“အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ထပ်ပြီးတော့ ထောင်ဒဏ် (၁၂) နှစ်ချမှတ်လိုက်တဲ့အပေါ်မှာ လုံးဝတရားမျှတမှုမရှိတဲ့အတွက် ကျွန်တော်အယူခံတင်ပါမယ်။ ဘယ်လိုတရားမျှတမှုမရှိလဲဆိုတာကို ဆက်လက်ပြီး ပြောပြပါမယ်။ ကျွန်တော့်သားကို မူးယစ်ဆေးဝါးရောင်းဝယ်တယ်လို့ သူတို့ကစွပ်စွဲတာတင်မကဘူး။ တရားရုံးနှစ်ခုပေါင်းပြီး ပြစ်ဒဏ်ချမှတ်တာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ မိုးအောင်ရင် အခုဖြစ်တဲ့အမှုက တတိယအကြိမ်ဖြစ်တဲ့အမှုလား၊ ဒုတိယအကြိမ်ဖြစ်တာလား ကျွန်တော်မေးချင်ပါတယ်။ သူက အရင်ကလည်းဒီလိုပဲ မူးယစ်ရမ်းကားတဲ့အမှုတွေဖြစ်ဖူးလား၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှုဖြစ်ဖူးလား။ ဒါမှမဟုတ် တစ်ခြားဘာအမှုအခင်းများဖြစ်ဖူးလဲ မေးချင်ပါတယ်။


ကျွန်တော်သိသလောက်တော့ တစ်ခြားဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့ အမှုပါ။ မူးယစ်ရာဇာလဲ မဟုတ်ဘူး၊ အကြီးအကျယ် ရောင်းဝယ်ဖောက်ကားနေသူလည်း မဟုတ်ပါဘူး။ ဒါအားလုံးအသိလဲ ဖြစ်ပါတယ်။ ဒီလောက်ပြစ်ဒဏ်ချမှတ်တာကတော့ တရားသဖြင့်လို့ ကျွန်တော်လက်မခံနိုင်ပါဘူး။ သူဟာ လူသတ်ခဲ့တာလဲ မဟုတ်ဘူး၊ နိုင်ငံတော်ပုန်ကန်ခဲ့တာလဲ မဟုတ်ဘူး။ ဒီအမိန့်ချမှတ်ရတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်နားမလည်နိုင်ပါဘူး။ ဒီလောက်အမိန့်ချမှတ်လိုက်လို့ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်အဖွဲ့အစည်း၊ ဒါမှမဟုတ် နိုင်ငံတော်အတါက် ဘာအကျိုးအမြတ်ရှိသွားလဲ ကျွန်တော်မေးခွန်းထုတ်ချင်ပါတယ်” ဆိုပြီး သားဖြစ်သူအတွက် စိတ်မကောင်းကြီးစွာပြောကြားသွားခဲ့ပါတယ်။


ထိုစကားဝိုင်းကိုတော့ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ရင်နဲ့အတူ မိုးအောင်ရင်ရဲ့ ဦးလေးဖြစ်သူတို့မှ တတ်ရောက်ပြောကြားခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအ၀င် တစ်ခြားအနုပညာရှင်များဖြစ်ကြတဲ့ ကြက်ဖ၊ ဘာဘူ နဲ့ သားစိုးတို့က ပါဝင်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။




17 Dec 2018     1,308 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS