BEC-TERO TV

Resident Evil ဇာတ်ကားအတွက် လက်တစ်ဖက် ပေးဆပ်လိုက်ရသူ

13 Dec 2018     1,735 Views


မော်ဒယ်ဘဝကနေ အောင်မြင်တဲ့ ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး ‘မီလာဂျိုဘိုဗစ်ခ်ျ (Milla Jovovich)’ ခေါင်းဆောင် ပါဝင်ခဲ့တဲ့ “Resident Evil” ရုပ်ရှင်ဇာတ်ကားတွဲတွေဟာ လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။


၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Resident Evil :The Final Chapter” အတွက် ရိုက်ကူးရေး ပြုလုပ်ခဲ့စဉ် မင်းသမီး ‘မီလာဂျိုဘိုဗစ်ခ်ျ’ အတွက် ဆိုင်ကယ်စတန့်တွေ လုပ်ပေးရင်း စတန့်သရုပ်ဆောင် အမျိုးသမီး “အိုလီဗီးယားဂျက်ဆင်” ၃၇ နှစ် ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။


၂၀၁၅ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာ ရိုက်ကူးရေးကာလအတွင်း ဆိုင်ကယ်စတန့် ပြုလုပ်စဉ်မှာ ကြောက်စရာကောင်းလောက်အောင် မတော်တဆ အဖြစ်ဆိုးနဲ့ ကြုံတွေ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ အသက် ဆုံးရှုံးရခါနီးပါး ဖြစ်ခဲ့ပြီးမှ ပြန်လည် ထူထောင်နိုင်ခဲ့ပေမယ့် သူမရဲ့  ဘယ်ဘက်လက်တစ်ချောင်း ဆုံးရှုံးခဲ့ရပါတယ်။


“အိုလီဗီးယား” ဟာ နာမည်ကျော် ဟောလိဝုဒ်ဇာတ်ကားတွေဖြစ်တဲ့ Star War, Guardians of the Galaxy နဲ့ Mad Max စတဲ့ ဇာတ်ကားတွေမှာ မင်းသမီးတွေအစား စတန့်တွေ အစားထိုး လုပ်ပေးတဲ့သူလည်းဖြစ်ပါတယ်။


Resident Evil ဇာတ်ကားမှာ အရှိန်အပြင်းဆုံးနဲ့ ဆိုင်ကယ်စီးလာရတဲ့ အခန်းကို အစာထိုးသရုပ်ဆောင်စဉ် ရုပ်ရှင်ကင်မရာ(ကရိန်း) နဲ့ တိုက်မိပြီး သူမစီးလာတဲ့ ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။


မတော်တဆမှုကြောင့် သူမရဲ့ မျက်နှာတစ်ခြမ်း စုတ်ပြတ်သွားသလို သူမရဲ့ ဘယ်ဘက်လက် အရိုးတွေကလည်း ပုံစံမမှန် ကျိုးကြေသွားခဲ့ပါတယ်။ မတော်တဆမှုဟာ ဘယ်လောက်ပြင်းထန်လဲဆိုရင် သူမရဲ့ ခန္ဓာကိုယ်ကအရိုးတွေ တစ်ဒါဇင်လောက်လည်း ကျိုးသွားခဲ့ပြီး လက်ဖျံရိုးဆိုတာ အစနရှာမရအောင် စိစိညက်ညက်ကြေသွားခဲ့ပါတယ်။


သူမရဲ့ ကြောရိုးမကြီး လိမ်သွားခဲ့ပြီး ပခုံးညှပ်ရိုးလည်း တစ်သက်တာ အခိုင်အမာ နေရာလွဲသွားခဲ့ပါတယ်။ နံရိုးတွေကျိုးပြီး အဆုပ်ကိုပါ ဖောက်ထွက်သွားခဲ့ပါတယ်။

မတော်တဆမှုဖြစ်ခဲ့ပြီး ၃ နှစ်လုံးလုံး ပြန်လည်ထူထောင်လာအာင် ကုသမှုတွေ ဆက်တိုက်ခံယူခဲ့ရပါတယ်။ အခုတော့ သူမဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေအတွက် နစ်နာကြေး စတာလင်ပေါင် ၂ သန်းကျော် ရရှိရန် တောင်အာဖရိက တရားရုံးမှာ Resident Evil ဇာတ်ကား ထုတ်လုပ်ရေး၊ စတန့်ကုမ္ပဏီအပါအဝင် ကင်မရာကရိန်း မောင်းသူနဲ့ ရုပ်ရှင် ဒါရိုက်တာတို့ကို တရားစွဲဆိုထားပါတယ်။

အခုလို ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တာကြောင့် သူမရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို တစ်သက်တာ စွန့်လွှတ်လိုက်ရပြီဖြစ်လို့ နစ်နာကြေး တောင်းဆိုခဲ့တာဖြစ်ပါတယ်။


ယူကေမှာ အလုပ်လုပ်စဉ် သူမရဲ့ တစ်လစာဝင်ငွေဟာ ပေါင် ၂၀,၀၀၀ ရှိတယ်လို့ ဖော်ပြထားပေမယ့် Resident Evil ဇာတ်ကားအတွက် သူမကို တစ်လ ပေါင် ၁၂,၅၀၀ နဲ့ ငှားရမ်းထားတာဖြစ်ပါတယ်။

ရိုက်ကူးရေးလုပ်တုန်းက ကရိန်းဆင်ထားတဲ့ ကင်မရာကို ကျမနဲ့ မျက်နှာချင်းဆိုင်အနေအထား မြေပြင်မှာ ချထားပါတယ်၊ စီစဉ်ထားတာက ကျမက အရှိန်နဲ့ မောင်းလာပြီး အနားရောက်တဲ့အခါ ကင်မရာက အပေါ်ကို မြောက်ပြီးရှောင်သွားမယ် ပြီးမှ ကျမရဲ့ ခေါင်းပေါ်ကနေ ကျော်ပြီး ဆက်ရိုက်သွားဖို့ပါပဲ၊ ဒါပေမယ့် တစ်ကယ်ရိုက်တဲ့အခါကျတော့ ကင်မရာက မရွေ့တဲ့အတွက် အရှိန်နဲ့ တည့်တည့်ဝင်တိုက်ပြီး လွင့်ထွက်သွားတာပါ” လို့ “အိုလီဗီးယား” က အဲဒီအချိန်က အဖြစ်ပျက်ကို ပြန်ပြောပြခဲ့ပါတယ်။


ကင်မရာကရိန်းရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင့်မှုကြောင့်ဖြစ်စေ လူရဲ့ပေါ့လျော့မှုကြောင့်ဖြစ်စေ ဒီအဖြစ်ပျက်ကြောင့်သူမဟာ သေလုမျေားပါး ခံစားခဲ့ရသလို ကိုယ်အင်္ဂါဆုံးရှုံးခဲ့ပြီး ၃ နှစ်ကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။


13 Dec 2018     1,735 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS