ယောက်ျားကို အချစ်စမ်းချင်လို့ ကိုယ့်သားသမီးကို ပြန်ပေးဆွဲတဲ့မိခင်
07 Dec 2018 1,456 Views
အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၅ ရက်ကြာပျောက်ဆုံးနေခဲ့ပြီးနောက် ပြန်ပေးဆွဲခံရတယ် ရဲတိုင်ကြားခဲ့ပြီး သတင်းပေးသူအား ဆုကြေးငွေများချီးမြှင့်မည်ဟု မိခင်တစ်ဦးရဲ့ ကြေညာချက်ဟာ အတုအယောင်သာဖြစ်ပြီး သူမရဲ့ ခင်ပွန်းကို အချစ်စမ်းချင်လို့ အခုလို လုပ်ဆောင်ခဲ့တယ်လို့ ရဲအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
တရုပ်နိုင်ငံ ကျဲဂျင်းစီရင်စုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သားပျောက်ဆုံးသွားကြောင်း ပြီးခဲ့တဲ့ သောကြာနေ့ ညနေက ရီကွင်းရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
“ချန်” လို့အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ်အမျိုးသမီးက သူ့သားရဲ့ ဓါတ်ပုံ၊ ဝတ်ဆင်ထားတဲ့ အင်္ကျီအရောင်၊ သူကို့နောက်ဆုံးတွေ့ခဲ့ရတာ ကျောင်းအနီးမှာဖြစ်ကြောင်း စတဲ့အချက်အလက်တွေကို ဗီနိုင်းပုံအကြီးကြီးရိုက်နှိပ်ကာ သားဖြစ်သူ ပြန်ပေးစွဲခံရကြောင်း သတင်းပေးနိုင်သူကို ယွမ် ၅၀၀,၀၀၀ ပေးမည်ဟု ဖော်ပြခဲ့တာကြောင့် အဆိုပါသတင်းမှာ ချက်ခြင်းဆိုသလို ပျံ့နှံ့ခဲ့ပြီး လူတွေစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဘေကျင်းလူငယ်နေ့စဉ် သတင်းစာမှာတောင် ဖော်ပြရတဲ့ထိ ပျံ့နှံ့ခဲ့ပါတယ်။
ရဲတွေက အဆိုပါအမှုကို ဦးစားပေးအမှုအဖြစ် ကိုင်တွယ်မယ်လို့ ကြေညာခဲ့ပြီး လူအင်အားများစွာနဲ့ ရီကွင်းမြို့နဲ့ ဝမ်ကျိုးမြို့တို့မှာ နေရာအနှံ့ကလေးကို လိုက်ရှာခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ကလေးပျောက်တဲ့သတင်းကို ဖတ်တဲ့သူ အွန်လိုင်းပေါ်မှာ သန်း ၂၃၀ ကျော် ရှိနေခဲ့ပါတယ်။
ပိုက်စိပ်တိုက်ရှာဖွေပြီး အဆုံးမှာတော့ ကလေးကို အနီးနားက ရွာလေးတစ်ရွာမှာ သူ့ရဲ့အမျိုးတွေနဲ့အတူ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲဒီအခါကျမှ မိခင်ဖြစ်သူက ဇာတ်လမ်းထွင်ပြီး ကလေးပြန်ပေးဆွဲ ခံရချင်ယောင်ဆောင်ခဲ့မှန်း အဖြစ်မှန်ပေါ်လာခဲ့ပါတယ်။
အမျိုးသမီးရဲ့လုပ်ရပ်ဟာ အကြီးအကျယ်ဝတ္တရားနှောက်ယှက်ရာရောက်ပြီး ရဲဝန်ထမ်းပေါင်းများစွာ အချိန်ကုန်လူပင်ပန်း ဖြစ်ခဲ့ရတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများခဲ့ကြပြီး မိသားစုအပေါ် ခင်ပွန်းက ဘယ်လိုသဘောထားတယ်ဆိုတာကို သိချင်တဲ့အတွက် ကလေးကို ဆွေးမျိုးများထံမှာ ခတ္တဝှက်ထားပြီးနောက် ပြန်ပေးဆွဲခံရတဲ့ သတင်းကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ သောကြာနေ့ ညနေက ကလေးကျောင်းက ပြန်လာချိန်မှာ မိခင်ဖြစ်သူက သွားကြိုခဲ့ပြီး ကလေးကို တစ်ခြားကားပေါ်မှာ သွားစောင့်နေလို့ ပြောပြီးနောက် ရဲစခန်းကို ကလေးပျောက်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ကလေးပြန်တွေ့ပြီး နောက်တစ်ရက်မှာပဲ မိသားစုတစ်စုလုံး နံနက် ၃ နာရီလောက်မှာ ပြောင်းရွေ့ထွက်ခွာသွားတယ်လို့ အိမ်နီးချင်းတွေက ပြောခဲ့ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်က ဒီမိသားစုဟာ ငွေကြေးအကျပ်အတည်းဖြစ်နေပြီး အိမ်လခပေးဖို့ ယွမ် ၇၀,၀၀ အကြွေးကျန်နေကြောင်း ပြောဆိုခဲ့ပါတယ်။
အဆိုပါသတင်းအမှန် လူမှုကွန်ယက် ဝီဘိုမှာ ထပ်ဆင့်ပျံ့ပွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အွန်လိုင်းပရိသတ်က သူတို့ညာခံလိုက်ရတာသိသွားပြီး ယင်းမိသားစုအပေါ် ဒေါသနဲ့တုန့်ပြန်ဝေဖန်မှုခဲ့ကြပါတယ်။ ရဲတွေက အလွတ်မပေးပဲ ထပ်ဆင့်စုံစမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဥပဒေကြောင်းအရ ကိုင်တွယ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။