ကိုးရီးယားမြေမှာတောက်ပဆဲထိုင်းလူမျိုးကြယ်ပွင့်လေးများ
06 Dec 2018 1,834 Views
တောင်ကိုးရီးယားနိုင်ငံကစ အရင်းတည်ခဲ့တဲ့ Kpopဟာ အာရှနိုင်ငံများနဲ့အရှေ့တောင်အာရှတစ်ခွင်ကို လွှမ်းမိုးထားနိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီမဟုတ်ပါလား။
ယခုဆိုရင် Kpop ဟာအရှေ့ အာရှနိုင်ငံများသာမက အနောက်နိုင်ငံတွေဖြစ်တဲ့ စပိန်၊ ဂရိ၊ ရုရှား၊ အမေရိကန်အစရှိတဲ့အင်အားကြီးနိုင်ငံတွေကိုပါ လွှမ်းမိုးလာနိုင်ခဲ့ပါပြီ။ တစ်ကမ္ဘာလုံးမှာ Kpop ရဲ့ လွှမ်းမိုးမှုကိုအခံရဆုံးနိုင်ငံကိုပြပါ ဆိုလျှင် ဂျပန်လို့ ပြောရမှာပါပဲ။ဂျပန်နိုင်ငံဟာ တစ်ချိန်က တောင်ကိုးရီးယားကိုစစ်မက် သိမ်းပိုက်ပြီး ကျွန်ပြုခဲ့တယ်ဆိုရင် ယခုအချိန်မှာ တောင်ကိုးရီးယားက ဂျပန်လူမျိုးတွေကို Kpop နဲ့သိမ်းပိုက်ထားတယ်လို့ပြောရမှာပါပဲ။
ထိုင်းနိုင်ငံကလဲအလားတူပါပဲ။ ထိုင်းကို ထဲထဲဝင်ဝင်ထိုးဖောက်ခဲ့တဲ့ ပထမဦးဆုံး Kpop group ဟာဆိုရင် Super Junior လို့ပြောရမှာပါပဲ။ ဒါတင်မက တခြား idol အဖွဲ့တွေကလဲထိုင်းမှာပေါက်မြောက်အောင်မြင်တာကြောင့် ထိုင်းနိုင်ငံကလူတွေတော်တော်များများမှာ K idol ဖြစ်လာဖို့အိပ်မက်လေးတွေရှိလာကြပါတယ်။
ထိုအထဲကမှအိပ်မက်တွေကို အမှန်တကယ်အကောင်အထည်ဖော်ပြီး ထိုင်းနိုင်ငံဖွား ကိုးရီးယားမှာ idol လာဖြစ်တဲ့ သူလေးတွေနဲ့မိတ်ဆက်ပေးပါရစေ။ သူတို့ပါဝင်တဲ့အဖွဲ့တွေက အရမ်းကိုဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အဖွဲ့တွေပါပဲနော်။
၁။ 2PM – Nickhun
2PM အဖွဲ့ဝင် Nickhun ဟာဆိုရင် ထိုင်းနိုင်ငံကနေ ပထမဦးဆုံး ကိုးရီးယားမှာ idol ဖြစ်လာသူတစ်ယောက်ပါပဲ။ Nickhun ရဲ့ ထိုင်းနာမည်အရင်းကတော့ Nichkhun Buck Horvejkul ပဲဖြစ်ပါတယ်။ Nickhun ဟာထိုင်းလူမျိုးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့မွေးဖွားရာဇာတိကတော့ထိုင်းနိုင်ငံမဟုတ်ခဲ့ပါဘူး။ ကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ပြည်ထောင်စုရှိ Rancho Cucamonga မြို့မှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။ Nickhun တို့မိသားစုဟာ ထိုင်းနိုင်ငံမှာမျိုးရိုးစဉ်ဆက် အလိုက်ချမ်းသာကြတာဖြစ်ပါတယ်။
၂။ Got7- Bam Bam
Got7 အဖွဲ့ဝင် Bam Bam ကတော့ အမေဖြစ်သူက တစ်ကိုယ်တော်အဆိုတော် Rain ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်တာကြောင့်ငယ်စဉ်ကတည်းက ကိုးရီးယား Idol တစ်ယောက်ဖြစ်စေဖို့ပုံသွင်းခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Kunpimook Bhuwakul ဖြစ်ပါတယ်။ ကိုးရီးယား တီဗွီအစီအစဉ်တစ်ခုမှာ Bam Bam ဟာ သူ့နာမည်အရင်းကိုတောင်မမှတ်မိဘူးလို့ဆိုပါတယ်။ လက်ရှိမှာတော့ Bam Bam တို့မိသားစုဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ကိုးရီးယားစားသောက်ဆိုင်ဖွင့်ထားပါတယ်။
၃။ CLC- Sorn
CLC အဖွဲ့ဝင် Sorn ကတော့ 2011 ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Kpop Star Hunt season1 ရဲ့ winner ပဲဖြစ်ပါတယ်။ သူမက ကိုးရီးယား idol အဖွဲ့ T.V.XQ (ဒုန်ဘန်းရှင်းဂီ- မြန်မာလိုအရှေ့အရပ်မှာ နတ်ဘုရားများလို့အဓိပ္ပါယ်ရပါတယ်) ကိုလေးစားအားကျပြီး Idol တစ်ယောက်ဖြစ်လာခဲ့ရတာဖြစ်တယ်လို့ တီဗွီအစီအစဉ်တစ်ခုမှာပြောထားပါတယ်။ Sorn ရဲ့နာမည်အရင်းကတော့ Chonnasorn Sajakul သူမရဲ့ဖခင်ဟာ ထိုင်းနိုင်ငံမှာ ရာထူးကြီးတဲ့လွှတ်တော်အမတ် တစ်ယောက်ပါ။ သူမဟာချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတစ်ယောက်ဆိုလဲမမှားပါဘူး။ ဒါပေမဲ့ သူမကထိုင်းမှာတော့ Nickhun တို့မိသားစုလောက်မချမ်းသာဘူးလို့ပြောဖူးပါတယ်။
၎။ NCT- Ten
NCT အဖွဲ့ဝင် Ten ကတော့ SM entertainmet မှာရှိတဲ့အဆိုတော်တွေထဲမှာတစ်ဦးတည်းသေား ထိုင်းလူမျိုးဖြစ်ပါတယ်။ Ten ရဲ့ နာမည်အရင်းကတော့ Leechaiyapornkul ပဲဖြစ်ပါတယ်။ Sorn ပြောဖူးတာတော့ ထိုင်းလူမျိုးရွယ်တူတွေဖြစ်တဲ့ Sorn ၊ Lisa ၊ Bam Bam ၊ Ten နဲ့ Lisa တို့ဟာ group chat ထဲမှာစကားပြောဖြစ်ကြတယ်လို့ဆိုပါတယ်။ ကျန်တဲ့လေးယောက်ဟာ အဖွဲ့လိုက်အပြင်ထွက်ပြီး အတူလည်ပတ်လေ့ရှိကြပေမယ့် Ten ရဲ့ ကုမ္ပဏီက စည်းကမ်းတင်းကြပ်တာကြောင့် Ten တစ်ယောက်လိုက်ခွင့်မကြုံဘူးလို့ပြောဖူးပါတယ်။ နောက်တစ်ခါ သူလဲသူတို့နဲ့တူတူ လည်ပတ်စားသောက်ချင်ပါသေးတယ် လို့ Ten ကပြောဖူးပါတယ်။
၅။ Black Pink- Lisa
Black Pink အဖွဲ့ဝင် Lisa ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာတွေနဲ့ ပြောင်မြောက်လှတဲ့ အကအလှတွေကြောင့် လူချစ်လူခင်ပေါသူလေးပါ။ သူမဟာ Sorn တို့ Minne တို့နဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး Bam Bam နဲ့က ငယ်ငယ်တုန်းက အကပြိုင်ပွဲတစ်ခုမှာတူတူဝင်ရောက်ယှဉ်ပြိုင်ဖူးတယ်လို့ ဆိုပါတယ်။ Lisa ဟာ ငယ်စဉ်ကတည်းက ကိုးရီးယားကိုရောက်ရှိနေတာဖြစ်ပြီးကိုးရီးယားစကားကိုလဲ တကယ့်ကိုးရီးယားလူမျိုးတစ်ယောက်လို ပြောဆိုနိုင်သူတစ်ဦးဖြစ်ပါတယ်။ Lisa တစ်ယောက် ကိုးရီးယားမှာအနေကြာပြီး ထိုင်းစကားတွေမေ့သွားတာ တီဗွီအစီအစဉ်တစ်ခုမှာ ချစ်စဖွယ်မြင်တွေ့ရပါတယ်။ သူမရဲ့ ထိုင်းနာမည်အရင်းကတော့ Lalisa Manopan ဖြစ်ပါတယ်။
၆။ G-idle - Minnie
သူမကတော့ 2016 ခုနှစ်မှာ cube entertainment ကမိတ်ဆက်လိုက်တဲ့ idol ထဲမှာပါလာခဲ့ပြီး 2018 မှာ G-idle အဖွဲ့နဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူမနာမည်အရင်းကတော့ Minnie Nicha Yontarark ဖြစ်ပါတယ်။ Minnie ရဲ့ အိပ်မက်ကတော့ တစ်ချိန်ချိန်မှာ ထိုင်းနိုင်ငံကိုကိုယ်စားပြုတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ဖို့ပါတဲ့။ သူမကလဲ Lallisa ၊ Sorn တို့နဲ့ သူငယ်ချင်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။