ပထမဆုံးပွဲဦးထွက်ရုပ်ရှင်အတွက် သမ္မတရုပ်ရှင်ရုံတစ်ထပ်လုံးကို ၀ယ်လိုက်တဲ့ နေခြည်ဦး
05 Dec 2018 1,450 Views
မိန်းကလေးတွေနဲ့ပတ်သက်တဲ့ အလှအပရေးရာအကြောင်းများ၊ ဖက်ရှင်စတိုင်တွေကအစ အကောင်းဆုံးအကြံဥာဏ်တွေကို မျှဝေပေးတဲ့ Beauty Blogger တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေစတင်သိလာခဲ့တဲ့ နေခြည်ဦးကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကထဲကို ခြေလှမ်းစတင်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတင် ရုပ်ရှင်ကားကြီး (၄) ကားကိုဆက်တိုက်ရိုက်ကူးခဲ့ပြီး သူမပထမဦးဆုံးရိုက်ကူးခဲ့တဲ့ ရန်သူရုပ်ရှင်ကားကြီးဟာဆိုရင် မကြာခင်ရက်ပိုင်းအတွင်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ထိုအတွက်လဲ နေခြည်ဦးအပါအ၀င် သူမရဲ့ ပရိသတ်ကပါ အရမ်းတွေရင်ခုန်စိတ်လှုပ်ရှားလို့နေကြပါတယ်။
သူမဘ၀ရဲ့ပထမဆုံးသောရုပ်ရှင်ကားကြီးဖြစ်တဲ့ ရန်သူရုပ်ရှင်ကို ဒီဇင်ဘာလ (၁၄) ရက်နေ့မှာစတင်ရုံတင်ပြသမှာဖြစ်ပြီး ထိုနေ့အတွက် သမ္မတရုပ်ရှင်ရုံရဲ့ အပေါ်ထပ်တစ်ထပ်လုံးစာ လက်မှတ်တွေကို ၀ယ်ယူလိုက်တယ်ဆိုတဲ့ သတင်းတွေလဲထွက်ပေါ်လာခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုနဲ့ အင်တာဗျူးကနေ ယခုလိုပဲပြောကြားသွားခဲ့ပါတယ်။
“ဟုတ်ပါတယ်။ နေခြည်က အဓိကကတော့ ရုပ်ရှင်အထူးပြသပွဲ Press Show ကလဲ မနက်အစောကြီးဖြစ်နေတော့ Fan တွေကမလာနိုင်ဘူး။ မလာနိုင်တော့ နေခြည်က ပထမဆုံးပြမယ့် (၁၄) ရက်နေ့ ညနေ (၆:၃၀) မှာ နေခြည့် chillies တွေအတွက် အပေါ်ထပ်တစ်ထပ်လုံးကို ဌားလိုက်တာပေါ့နော်။ ဌားလိုက်တယ်ဆိုတာကာ နေခြည့် Fan တွေကအရမ်းများတာရော၊ ပြီးတော့ သူငယ်ချင်းတွေရော၊ ကိုယ့်ရဲ့ပထမဦးဆုံးကားဆိုတော့ အမျိုးတွေရော၊ နယ်ကအမျိုးတွေရော၊ အဘွားအဘိုးအမေပါမကျန် စိမ်းလဲ့တင်တစ်မျိုးလုံးကလဲ လာမှာဆိုတော့ နေခြည်မယူလို့မရတော့ဘူး။ သူတို့တစ်ဖွဲ့လုံးက အယောက် (၃၀၀) လောက်ဆိုတော့ ၀န်ထမ်းတွေနဲ့တင်ပြည့်သွားတယ်။ အာ့ကြောင့် နေခြည်လဲ အရမ်းတွေရင်ခုန်နေတယ်” ဆိုပြီး ဖြေကြားသွားပါတယ်။
ခုလိုမျိုးလက်မှတ်တွေ ၀ယ်လိုက်ရတာနဲ့ပတ်သက်ပြီး “ပရိုဂျူဆာတွေဆီက လက်မှတ်တောင်းရမှာလဲ အားနာတယ်လေ၊ တစ်မျိုးလုံးဆိုတော့ နေခြည့်အမျိုးတွေက ရာချီပြီးရှိတာဆိုတော့။ ခုလို တစ်ရုံလုံးကျတော့ အဖေ့ကိုပဲ စပွန်ဆာပေးခိုင်းလိုက်တာပေါ့။ အဖေရယ်ဝယ်ပေးလိုက်ပါဆိုပြီး။ နေခြည်ကတော့ Fan တွေအားလုံးနဲ့အတူတူ ပထမဆုံးပြမယ့်နေမှာပဲ ကြည့်ချင်ပါတယ်” လို့ဆိုပါတယ်။
ခံစားချက်နဲ့ ပတ်သက်ပြီး “အရမ်းကြောက်တယ်။ ဘာလို့လဲဆိုတော့ မကစ်သရုပ်ဆောင်တာ အရမ်းကောင်းတယ်။ နေခြည်ကိုယ်တိုင်လည်း မကစ်ကို အကယ်ဒမီမှန်းထားတာ။ ဒီကားမှာ သူ့အပြုအမူ သရုပ်ဆောင်ပိုင်းမှာလည်း အရမ်းကောင်းတာကြောင့် နေခြည်ကိုယ်တိုင်ပါ Mood ပါသွားတယ်။ တချို့သောအခန်းတွေမှာ နေခြည်ဘာလုပ်မလဲလို့ စဉ်းစားနေတဲ့အချိန်မှာ သူရုတ်တရတ်သရုပ်ဆောင် လိုက်တဲ့အချိန်မှာ နေခြည် ဘာလုပ်ရမလဲဆိုတာကို ရုတ်တရတ် Mood ဝင်သွားတာပေါ့”
“ရန်ဖြစ်တာတို့ စကားများတဲ့အခန်းတွေမှာ သူက ယောကျာ်းလေးတယောက်လို မာန်တွေပါလာတော့ နေခြည်မှာ Mood လိုက်ဝင်သွားတာပါ။ အဲ့တုန်းက တယောက်နဲ့ တယောက်အပေးယူမျှတယ်လို့ ထင်ပါတယ်။ မကစ်အတွက်လည်း ကာရိုက်တာအဆန်းဖြစ်သလို နေခြည့်အတွက်လည်း ပထမဆုံးကား၊ ပြီးတော့ ရုပ်ရှင်ကားကြီးတစ်ကားလို့လဲ အာမခံရဲပါတယ်။ အဲ့တာကြောင့် လာကြည့်ကြပါလို့ တိုက်တွန်းပါတယ်” ဟုဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
Source_Radar