ဘရာဇီးဘောလုံးသမားကို သတ်ဖြတ်ခဲ့မှုဖြင့် လုပ်ငန်းရှင်စုံတွဲ ဖမ်းဆီးခံရ
28 Nov 2018 1,414 Views
စီးပွားရေးသမား လုပ်ငန်းရှင် လင်မယားက ဘရာဇီးဘောလုံးသမား တစ်ဦးကို သူတို့၏နေအိမ်တွင် ကျင်းပသော ပါတီပွဲကို ဖိတ်ခေါ်ခဲ့ပြီးနောက် ရက်စက်စွာ ဦးခေါင်းနဲ့ ယောက်ျားလိင်အင်္ဂါကို ဖြတ်ပြီး သတ်ဖြတ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘောလုံးသမား Daniel Correa Freitas ရဲ့အလောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ဘရာဇီးနိုင်ငံ တောင်ပိုင်းပြည်နယ်မှာရှိတဲ့ သစ်တောထဲမှာ ပြန်တွေ့ခဲ့ပြီး ခေါင်းဖြတ်ခံထားရသလို သူ့ရဲ့ယောက်ျားအင်္ဂါလည်း ဖြတ်ခံထားရပြီး အနီးနားရှိ သစ်ပင်တွေကြားမှာ ပြန်တွေ့ခဲ့ပါတယ်။
ဘောလုံးသမား Daniel Correa Freitas က အသက် ၃၅ နှစ်အရွယ် Cristiana ဆိုသူ အိမ်ရှင်အမျိုးသမီးကို အဓ္ဓမပြုကျင့်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ Edison Brittes ၃၈ နှစ်က သတ်ခဲ့တာဖြစ်ကြောင်း အစပိုင်းမှာ ထွက်ဆိုခဲ့ပါတယ်။
သူတို့ရဲ့ သမီးကြီး အသက် ၁၈ နှစ်ပြည့်မွေးနေ့မှာ အခြားဧည့်သည်တွေနဲ့ ပါတီပွဲလုပ်နေစဉ် Daniel က ဇနီးသည်ကို အဓ္ဓမပြုကျင့်ခဲ့တာကြောင့် ရိုက်နှက်ပြီး သတ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။
ဒါပေမယ့် ရဲအဖွဲ့က လူသတ်မှုဖြစ်ခဲ့တဲ့ သူတို့အိမ်ရဲ့ အိပ်ခန်းအတွင်း နံရံနဲ့ ကြမ်းပြင်တွေမှာ လက်စကျန်နေတဲ့ သွေးစက်တွေကို ခြေရာခံရင်း ရှေ့နောက်မညီတဲ့ ထွက်ဆိုချက်တွေကို တွေ့လာရပြီး အသေးစိတ် စစ်ဆေးခဲ့ရာမှာ အမှုရဲ့ အခြေအနေက ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က Daniel က သူ့ရဲ့မိသားစုတွေနဲ့အတူ ကလပ်မှာ မွေးနေ့ပွဲပြုလုပ်နေစဉ် Edison တို့ လင်မယားရောက်လာပြီး အဲဒီနေ့မှာပဲ ပြုလုပ်မယ့် သူ့တို့အိမ်က ပါတီပွဲကို တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
အိမ်ကိုရောက်တဲ့အခါမှာတော့ Edison က သူရဲ့ဇနီးဖြစ်တဲ့ Cristiana နဲ့ အတူပျော်ပါးရန် သူ့ကို ဖိတ်ခဲ့ခြင်းဖြစ်ကြောင်း Daniel ကို ပြောပြတဲ့အခါ Daniel က အံ့သြသွားခဲ့ပါတယ်။ (အမှန်တော့ နောက်ပြောင်ကျီစယ်ခဲ့တာဖြစ်ပါတယ်)
အဲဒီနောက် ဇနီးဖြစ်သူက သူတို့ကျီစယ်တာကို ရိပ်မိသွားမည်စိုးပြီး မယုံရင် အိပ်ယာထဲမှာ အတူတူဓါတ်ပုံရိုက်ကြရအောင်လို့ ပြောကာ အိပ်ယာထဲမှာ အတူတူအိပ်နေတဲ့ ပုံစံမျိုး ဓါတ်ပုံရိုက်ခွင့်ပြုခဲ့ပါတယ်။
အဲဒီအချိန်မှာ မိန်းမဖြစ်သူနဲ့အတူ အိပ်ယာထဲမှာ အတူတွဲရက်ရှိနေတဲ့ မြင်ကွင်းကို Edison သီးခံနိုင်စွမ်းမရှိတော့ပဲ မနာလိုစိတ်ဖြစ်လာကာ Daniel ကို တရစပ်ထိုးကြိတ် ရိုက်နှက်ပါတော့တယ်။ သူ့ရဲ့ ဒေါသကို အမြင့်ဆုံးထိရောက်စေတာကတော့ Daniel က သူမိန်းမနဲ့ အိပ်ယာထဲမှာ တွဲရိုက်ထားတဲ့ပုံနဲ့အတူ “မွေးနေ့ရှင်ကောင်မလေးရဲ့ မေမေကို စားရတော့မယ်ဟေ့၊ သူ့ယောက်ျားကလည်း အနားမှာရှိတယ်” ဆိုတဲ့ မက်ဆေ့ကို ဖုန်းထဲမှာ တွေ့သွားတာဖြစ်ပါတယ်။
Daniel ရဲ့ လည်ပင်းကို ဓါးနဲ့ထိုးခဲ့ပြီး မသေမရှင်ဖြစ်နေတဲ့ သူ့ကို လင်မယားနှစ်ယောက် ကားပေါ်တင်ပြီး သစ်တောထဲကို မောင်းထွက်ကာ ခေါင်းဖြတ်၊ လိင်အင်္ဂါဖြတ်ကာ ပစ်ထားခဲ့တာဖြစ်ပါတယ်။
အစပိုင်းမှာ Edison က ပြစ်မှုကို သူတစ်ယောက်တည်းကျူးလွန်သည်ဟု ဝန်ခံခဲ့ပေမယ့် အလောင်းတွေ့ရှိတဲ့နေရာမှာ တစ်ယောက်ထက်မကတဲ့ ခြေရာလက်ရာတွေ တွေ့ရတာကြောင့် အမှုမှန်ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် ပါတီပွဲနေ့က လာရောက်ခဲ့သူ ဆယ်ကျော်သက်အရွယ် ၇ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးပြီး မျက်မြင်သက်သေရခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ဘောလုံးသမား Daniel ဟာ အသက် ၁၉ နှစ်အရွယ်ထဲက ဘောလုံးစတင်ကစားခဲ့ပြီး သိပ်မကြာခင်မှာပဲ ကွင်းလယ်ကစားသမားကောင်းတစ်ဦးဖြစ်လာခဲ့ပါတယ်။ ယခင်က Ponte Preta အသင်းမှာ ကစားခဲ့ပြီး အဲဒီနောက် Sao Bento ပြောင်းလဲကစားခဲ့ပါတယ်။ သူကစားခဲ့တဲ့ နှစ်သင်းလုံးက ဘရာဇီးချံပီယံရှစ် စီးရီးဘီ မှာ ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ဒဏ်ရာရခဲ့တာကြောင့် ကလပ်အသင်းကနေ ခတ္တအနားယူခွင့်ပေးထားချိန်မှာ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။