အလုံမြို့နယ် G&G စတိုးဆိုင်တွင်း ဝင်ရောက်လုယက်သူများအား ဖမ်းဆီးရမိ
27 Nov 2018 1,354 Views
နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဌါနလမ်းထိပ်တွင် ဖွင့်လှစ်ထားသော G&G စတိုးဆိုင်အတွင်းသို့ အုပ်စုလိုက်ဝင်ရောက်ကာ အရောင်းဝန်ထမ်းအား မိုက်ကြေးခွဲခြိမ်းခြောက်ပြီး လုယက်သွားသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့နံနက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် လူငယ် ၃ ဦး စတိုးဆိုင်အတွင်းသို့ ဝင်လာပြီး အရောင်းဝန်ထမ်းအား ထိုးကြိတ်မည်ဟု ခြိမ်းခြောက်ကာ နှစ်ဦးက ဝိုန်းရံစောင့်ကြည့်နေစဉ် ကျန်တစ်ဦးက အရောင်းဝန်ထမ်း၏ အင်္ကျီအိတ်ကပ်တွင်းထည့်ထားသော Vivo အမျိုးအစားဖုန်းအား ဆွဲယူပြီး ပိုက်ဆံအံဆွဲထဲမှ ရောင်းရငွေ ၃၈,၀၀၀ ကျပ်တို့အား ယူဆောင် ထွက်ပြေးသွားခဲ့သည်။
အရောင်းဝန်ထမ်းဖြစ်သူ ကို−−−−−−− မှ အလုံမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်ကို အလုံမြို့မရဲစခန်းနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲမှူးရုံးများ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်း၍ စုံစမ်းရှာဖွေ ဖော်ထုတ်ခဲ့ရာ ၅.၁၁.၂၀၁၈ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ် အချိန်တွင် အလုံမြို့နယ်၊ စောရန်နိုင် အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲ စတိတ်ရှိုး ပြုလုပ်သည့်နေရာတွင် လုယက်မှုတွင် ပါဝင်သည့် လသာမြို့နယ်၊ (၇)ရပ်ကွက်နေ စိုင်းအောင်ကောင်မြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း (၁၇)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့ ၃ ဦးအား စစ်ဆေးခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ဟိန်းစိုးအောင်ပါ ပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဟိန်းစိုးအောင် နေထိုင်ရာ လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ ဟိန်းစိုးအောင်မှ နေအိမ်တွင် မရှိသဖြင့် ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထားလမ်းမပေါ်တွင် ပြစ်မှုကျူးလွန်သူ ဟိန်းစိုးအောင်(၂၂)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ပြစ်မှုကျူးလွန်းသူများထံမှ သက်သေခံပစ္စည်းများ သိမ်းဆည်းပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။