BEC-TERO TV

၂၀၁၈ ခုနှစ်အကောင်းဆုံး အဆောက်အဦဆု ဒူဘိုင်းက ဧရာမဓါတ်ပုံဘောင်ကြီး ဆွတ်ခူး (ရုပ်သံ)

23 Nov 2018     1,482 Views


ကမ္ဘာ့အကြီးဆုံး ဓါတ်ပုံဘောင်ကြီးအဖြစ် တင်စားထားတဲ့ ဒူဘိုင်းဓါတ်ပုံဘောင်(Dubai Frame) အဆာက်အဦကြီးဟာ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အဆန်းသစ်ဆုံးလက်ရာနဲ့ တည်ဆောက်မှု အဆောက်အဦးကြီးအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။


အဆောက်အဦတည်ဆောက်မှုဆိုင်ရာ အင်ဂျင်နီယာများ အဖွဲ့အစည်းက နှစ်စဉ်ကျင်းပတဲ့ “The Structural Award 2018” ကို လန်ဒန်မြို့  ဘရူဝယ်ရီမှာ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး(ပါးပါးလျလျနဲ့ အမြင့်ဆုံး) အဆောက်အဦဖြစ်ကြောင်း ကြေညာခြင်းခံခဲ့ရတာဖြစ်ပါတယ်။


ဒီဆုကို အဆောက်အဦကို တာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ Arcadis Consulting Middle East Ltd က လက်ခံရယူခဲ့ပါတယ်။ ဧရာမဓါတ်ပုံဘောင်ပုံစံ အဆောက်အဦကြီးဟာ ဒူဘိုင်း က ဇဘီးလ်ပန်းခြံကြီးထဲမှာ တည်ဆောက်ထားပါတယ်။ ဒူဘိုင်းငွေကြေး သန်း ၂၆၀ ကုန်ကျခံထားတဲ့ အဆောက်အဦကြီးဟာ မီတာ ၁၅၀ မြင့်တဲ့ အဆောက်အဦနှစ်ခုကို မှန်အကြည်တွေတပ်ဆင်ထားပြီး ၉၃ မီတာရှည်လျားတဲ့ တံတားနဲ့ချိပ်ဆက်ထားပါတယ်။

ဒီအဆောက်အဦကြီးပေါ်ကနေ ၃၆၀ ဒီဂရီ ပတ်ချာလည်ကြည့်ရှုနိုင်ပြီး ဒူဘိုင်းရဲ့ အတိတ်၊ ပစ္စုပန်၊ အနာဂါတ် သုံးမျိုးစလုံးကို မြင်တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ အဆောက်အဦးကြီးပေါ်က ကြည့်လိုက်ရင် မြောက်ဘက်မှာ ဒူဘိုင်း မြို့ပြဟောင်းတွေဖြစ်တဲ့ Deira, Umm Hurair နဲ့ Karama တို့ကို တွေ့မြင်နိုင်သလို တောင်ဘက်ခြမ်းမှာတော့ ခေတ်မီတိုးတက်နေ့တဲ့ ဒူဘိုင်း မြို့ပြအသစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။


တစ်နှစ်ကို နိုင်ငံခြားသားခရီးသွားဧည့်သည် ၂ သန်း လာရောက်လည်ပတ်ကြလိမ့်မယ်လို့ မျှော်မှန်းထားပြီး လက်ရှိမှာတော့ ဓါတပုံဘောင်ကြီးကို လာရောက်လည်ပတ်သူ တစ်နာရီလျှင် အယောက် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

တစ်ကမ္ဘာလုံးမှာ စွန့်ဦးတီထွင် တည်ဆောက်နေကြတဲ့ အဆောက်အဦပေါင်း ၅၈ ခုအနက်ကနေ ဒူဘိုင်းဓါတ်ပုံဘောင် အဆောက်အဦးကြီးက ၂၀၁၈ ခုနှစ်အတွက် ဒီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


23 Nov 2018     1,482 Views




RELATED

Most Popular of Special or Others

Most Popular of NEWS