BEC-TERO TV

“ဝေဖန်အကြံပြုချင်တယ်ဆိုရင် ရုပ်ရှင်နဲ့ဝတ္တုကို ဖတ်ထား၊ကြည့်ထားဖို့လိုတယ်” ဆိုတဲ့ နေတိုး

15 Nov 2018     1,631 Views


လက်ရှိမြန်မာ့အနုပညာလောကမှာ လူကြိုက်အများဆုံးထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်နေတိုးဟာဆိုရင် ဇာတ်ရုပ်ပေါင်းများစွာကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရုပ်ရည်သန့်ပြန့်ချောမောသူတစ်ယောက်ဖြစ်ပြီး အနေအထိုင်အေးဆေးတည်ငြိမ်လွန်းတဲ့ လူပျိုကြီးနေတိုးကတော့ ပျိုပျိုမေတိုင်းကြွေရတဲ့ နှင်းဆီခိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။


လတ်တလောအွန်လိုင်းပေါ်မှာတော့ နေတိုးကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ “မီ”ရုပ်ရှင်ဇာတ်ကားကြီးဟာ ဝေဖန်ပြောဆိုမှုတွေများစွာနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဆေးလိပ်သောက်ပြတဲ့ဇာတ်ဝင်ခန်းတွေကြောင့် လူငယ်တွေကြားအတုယူမှားစေနိုင်ကာ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ ဝေဖန်ဂယက်ထမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ချင်တယ်ဆိုရင် ၀တ္တုနဲ့ရုပ်ရှင်ဇာတ်လမ်းကိုကြည့်ထားဖို့လိုကြောင်းကို အင်တာဗျူးတစ်ခုကနေ ပြောကြားလိုက်ပါတယ်။


နေတိုးပြောသွားတာကတော့ “ဝေဖန်တယ်၊ အကြံပြုတယ်ဆိုတာ ရုပ်ရှင်ကိုကြည့်ဖို့လိုတယ်။ ရုပ်ရှင်ကိုမကြည့်ပဲ၊ ၀တ္တုကိုမဖတ်ပဲ ဝေဖန်အကြံပြုတာမျိုးတွေတော့ မလုပ်စေချင်ဘူး။ တစ်ခုခုကို ဝေဖန်ထောက်ပြမယ်ဆိုရင် အပြုသဘောနဲ့ဖြစ်ဖြစ်၊ အပျက်သဘောနဲ့ဖြစ်ဖြစ် ကိုယ်လုပ်မယ့်အကြောင်းအရာတစ်ခုကို အစအဆုံးသိထားဖို့လိုတယ်” လို့ ဝေဖန်သူတွေနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။


ဆက်လက်ပြီး “မီ” ရုပ်ရှင်ဇတ်ကားကြီးကြောင့် ကိုယ်တိုင်ဆေးလိပ်ပြတ်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး “လူတစ်ယောက်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ မွန်းကျပ်လာတဲ့အချိန် အနားမှာဘယ်သူမှမရှိတဲ့အခါမျိုးတွေမှာ အကူအဖြစ်ဆေးလိပ်သောက်တာမျိုးတွေရှိတယ်။ မီ မှာလဲ ဒီလိုဆေးလိပ်သောက်တာ၊ အရက်သောက်တဲ့ကာရိုက်တာတွေကြောင့် သူ့ရဲ့ဘ၀ကြီးတစ်ခုလုံးမှာ ပေးဆပ်လိုက်ရတဲ့ ဆိုးကျိုးတွေကိုပြတာဆိုတော့ ဒီဇာတ်လမ်းကိုကြည့်ပြီး ဆေးလိပ်သောက်ချင်တဲ့စိတ်လုံးဝမဖြစ်ဘူးလို့ ကျွန်တော်အာမခံတယ်။ ကျွန်တော်ဆိုလဲ ဆေးလိပ်ဖြတ်ထားတာ (၁) နှစ်ကျော်ရှိသွားပြီ။ အရင်တုန်းကသောက်ခဲ့တယ်၊ ဒီရုပ်ရှင်ကိုပြန်ကြည့်တဲ့ အချိန်မှာ ဆေးလိပ်သောက်ချင်စိတ်ပြန်မဖြစ်ဘူး။ ပိုပြီးတော့တောင် ဆေးလိပ်ကိုကြိုဖြတ်ခဲ့တာမှန်ပါလားဆိုပြီး တွေးမိတယ်။ အခုဆိုပိုပြီးအမောခံနိုင်လာတယ်၊ အသားအရေပိုင်းနဲ့ပတ်သက်ရင်လဲ ပိုကြည်လာတာမျိုးတွေရှိတဲ့အတွက် ဒီရုပ်ရှင်ကြောင့် ဆေးလိပ်သောက်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်” ဆိုကာ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ပြောပြသွားခဲ့ပါတယ်။



ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ၀တ္တုစာရေးဆရာမကြီးကိုယ်တိုင် ဆေးလိပ်ရဲ့ဆိုးကျိုး၊ အရက်ရဲ့ဆိုးကျိုးတွေကို “မီ” ဇာတ်ကောင်နဲ့အတူ ရေးသားပြသသွားတာဖြစ်ပြီး၊ သရုပ်ဆောင်တွေကလဲ ဇာတ်ရုပ်ပီပြင်အောင်အကောင်းဆုံးသရုပ်ဆောင်သွားတာကြောင့် ပရိသတ်အားပေးမှုရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



Source_ ElevenMedia


15 Nov 2018     1,631 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment