လူကြီးချင်းစကားများရာမှ ၁ နှစ် ၉ လ ကလေးငယ်အား ကတ်ကြေးဖြင့်ထိုးသတ်
01 Nov 2018 1,364 Views
အင်းစိန်မြို့နယ်၊ တညင်းကုန်းတွင် အိမ်ချင်းကပ်လျက်နေထိုင်ကြသော မိသားစုနှစ်စုမှ လူကြီးချင်း စကားများရန်ဖြစ်ရာမှ အသက် ၁ နှစ်နှင့် ၉ လအရွယ်ကလေးငယ်လေးအား ကတ်ကြေးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် ဂျီအီးရေစက်ဝင်း နယ်မြေအမှတ်(၁) တွင် နေထိုင်သော ဒေါ်ပန်းအိခိုင် က သူမ၏ ခင်ပွန်းဖြစ်သူနှင့် ၎င်းတို့၏ နေအိမ်ရှေ့တွင် ထိုင်လျှက် ပုသိမ်မြို့သို့ပြန်ကာ မှတ်ပုံတင်ပြုလုပ်ရန်ကိစ္စ တိုင်ပင်နေကြစဉ် လွန်ခဲ့သော ၂ ရက်ခန့်က ရန်ဖြစ်ထားခဲ့သည့် အိမ်ချင်းကပ်နေထိုင်သူ ဝင်ဇော်ဦး နဲ့ဇနီးဖြစ်သူ ငုဝါလှိုင် တို့ ရောက်လာကာ သူတို့၏အတင်းကို ပြောသည်ဟု စွပ်စွဲပြီး လက်ထဲတွင်အသင့်ယူလာသော ကတ်ကြေးဖြင့် ဝင်းဇော်ဦးက ဒေါ်ပန်းအိခိုင် ကို ထိုးလိုက်စဉ် ချော်ထွက်ပြီး ဘေးနားတွင် အိပ်နေသော မသဇင် အသက် ၁ နှစ်နှင့် ၉ လအရွယ်၊ ဒေါ်ပန်းအိခိုင် ၏ သမီးဖြစ်သူ၏ ညာဘက် နားအနောက်ဖက်သို့ ထို့မိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ကတ်ကြေးဖြင့် ထိုးခဲ့သူ ဝင်ဇော်ဦး နဲ့ ငုဝါလှိုင် တို့က လျော်ကြေးပေးပြီး ပါးရိုက်ပစ်မယ်ဟု ထပ်မံခြိမ်းခြောက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
ကလေးကို အင်းစိန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင် ကုသနေစဉ် မသဇင် မှာ ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွက် တရားခံ ဝင်းဇော်ဦး (၄၀)နှစ် (ဘ)ဦးတင်အေး ဆိုင်ကယ်ကယ်ရီမောင်း နှင့် ဇနီးဖြစ်သူ ငုဝါလှိုင်(၃၃)နှစ်(ဘ)ဦးကြည်လှိုင် ဈေးရောင်း အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် ဂျီအီးရေစက်ဝန်း နယ်မြေ(၁) နေသူတို့အား အင်းစိန်မြို့မရဲစခန်းမှ ပထမ အမှုဖြစ်စဉ် (ပ)၂၂၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားရှိရာမှ ကလေးသေဆုံးခဲ့သဖြင့် (ပ)၂၂၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အရေးယူ ဆောင်ရွက်ထားပြီး တရားခံဖြစ်သူ ဝင်းဇော်ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ဇနီးဖြစ်သူ ငုဝါလှိုင်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ် - ဝသာန် အင်းစိန်