နေအိမ်ဖောက်ထွင်းကာ ငွေကျပ်သိန်း ၉၀ ခိုးယူသူများအား ဖမ်းဆီးရမိ
31 Oct 2018 1,304 Views
သံလျင်မြို့နယ် အိုးဖိုစုရပ်ကွက်ရှိ နေအိမ်ကို အိမ်ရှင်မရှိခိုက် ဖောက်ထွင်းဝင်ရောက်ကာ ငွေကျပ်သိန်း ၉၀ ခိုးယူသွားသူများအား သံလျင်မြို့နယ် ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က သံလျင်မြို့နယ် အိုးဖိုစုရပ်ကွက်၊ ဘူတာလမ်းသွယ်နေ ဒေါ်−−−− ဖြစ်သူသည် သံလျင်ဈေးထဲ၌ ဈေးရောင်းပြီး ပြန်လာရာ နေအိမ်ပြတင်းပေါက်ပွင့်နေပြီး ဘီဒိုတွင်းထားရှိသော ပစ္စည်းများ ဖရိုဖရဲဖြစ်နေသဖြင့် စစ်ဆေးခဲ့ရာ ပလပ်စတစ်အိပ်ဖြင့် ထုတ်ထားသော ငွေစက္ကူရောရာ ကျပ်သိန်း ၉၀ နှင့် အခြားစာရွက်စာတမ်းအချို့ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။
ခိုးယူသူအား စုံစမ်းအရေးယူပေးရန် သန်လျင်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီး စခန်းမှ (ပ)၁၉၆၅/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၃၈၀ဖြင့်အမှုဖွင့် ဆောင်ရွက်ခဲ့သည်။
သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာနှင့် နီးစပ်မြို့နယ်များတွင် လိုက်လံစုံစမ်းခြင်း ပြုလုပ်ခဲ့ရာတွင် မြို့ဟောင်းအနောက်ရပ်ကွက်၊ ဇီးကုန်း(၂)လမ်းနေ ရဲရင့်မိုး(ခ)ရဲရင့်မြင့်မိုရ်(ခ)သာအေး ဆိုသူမှာ အလုပ်အကိုင် အတည်တကျမရှိဘဲ ငွေကြေးများ အလွန်အကျွံသုံးစွဲနေကြောင်း သတင်းအရ (၁၈.၁၀.၂၀၁၈)ရက် နေ့(၀၂၀၀)အချိန် သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်တွင် ဖမ်းဆီးစစ်ဆေးရာမှ ပျောက်ဆုံး သိန်း(၉၀)ကျပ် အား ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက် နေသူများဖြစ်သည့်ဇော်မျိုးဦး(ခ)ဗီဂျေး၊ ကျော်ကျော်ထွန်း(ခ)ကျော်လေး
မရီရီဝင်း(ခ)မြမြဝင်း တို့နှင့် ပူးပေါင်းခိုးယူခဲ့ကြောင်း သိရှိရ၍ ၎င်းတို့(၃)ဦးအား (၁၈.၁၀.၂၀၁၈)ရက်နေ့ (၀၉၀၀)အချိန်တွင် ဒလမြို့နယ်၊သမ္မကမ်းခြေနေရာတွင် အမှုဖွင့်ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်များအရ ခိုးယူရရှိသော သိန်း(၉၀)ကျပ်အနက် ရဲရင့်မိုးထံမှ ငွေစက္ကူရောရာ (၅)သောင်းကျပ် Haojue 110 အပြာရောင်ဆိုင်ကယ်(၁)စီး၊ ဖိနပ်(၃)ရံ၊ အင်္ကျီနှင့်ဘောင်းဘီတို့အား၎င်း ဇော်မျိုးဦး၊ ကျော်ကျော်ထွန်း နှင့် မရီရီဝင်း တို့(၃)ဦးထံမှ ငွေစက္ကူရောရာ (၂၀၃၀၀၀၀)ကျပ်၊ Sansonic တံဆပ်အပြာရောင် ရေခဲသေတ္တာ(၁)လုံး တို့အားလည်းကောင်း ပြန်လည်သိမ်းဆည်းရမိသဖြင့် ရဲရင့်မိုးပါ (၄)ဦးအား အခြားပြစ်မှုများ ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yangon Police တွင် ဖော်ပြထားသည်။