တောင်ငူကွန်ပျူတာတက္ကသိုလ် ပါ/ချုပ် စီးမယ့် ကားအတွင်းမှ မူးယစ်ဆေးများတွေ့ရှိ
30 Oct 2018 1,533 Views
တောင်ငူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌါနမှူး) တို့ အသုံးပြုစီးနင်းရန် အဆင့်မြင့်ပညာဦးစီးဌါနက ထုတ်ပေးခဲ့တဲ့ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူနဲ့ စိတ်ကြွရှုးသွပ်ဆေးပြားများ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မော်တော်ယာဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်ကနေ သွားရောက်ထုတ်ယူထားခဲ့ပြီး အောက်တိုဘာလ ၂၉ ရက် ညနေ ၄ နာရီတွင် မော်တော်ယာဉ် ထိုင်ခုံ ရှေ့တိုး၊ နောက်ဆုပ် လုပ်မရသဖြင့် ပြုပြင်ရန် တောင်ငူမြို့ရှိ ဝါယာရိန်းဆိုင်ကို ပို့ဆောင်ခဲ့သည်။
ဆိုင်မှ ကား၏ နောက်ထိုင်ခုံဘေးမှ ကာဗာများကို ဖြုတ်စဉ် မူယစ်ဆေးဝါးဟု ယူဆရသော အထုတ်များ တွေ့ရှိခဲ့တာကြောင့် ပါမောက္ခချုပ်ထံ အကြောင်းကြားခဲ့ပြီး တက္ကသိုလ်ထဲသို့ ပြန်လည်မောင်းနှင်ခဲ့သည်၊ ပါမောက္ခချုပ်က သက်ဆိုင်ရာ ရဲများကို အကြောင်းကြားခဲ့ပါတယ်။
စစ်ဆေးချက်အရ မော်တော်ယာဉ်အတွင်း ဘိန်းဖြူမှုန့်ထည့်ထားသော ဆပ်ပြာခွက်များ၊ 88 စာတမ်းပါ နီညိုရောင်ဆေးပြားများ စုစုပေါင်း ကာလတန်ဖိုး သိန်း ၂,၂၀၀ ကျော် တွေ့ရှိခဲ့သည်။ ဖြစ်စဉ်ကို တောင်ငူမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်ကာ မူးယစ်ဆေးဝါးပိုင်ရှင်ကို စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။
သတင်း − ကျော်သူဝင်း(တောင်ငူ)