BEC-TERO TV

နေပြည်တော်တွင် ကုမ္ပဏီပိုင်ရှင်အမျိုးသမီးတဦး မီးလောင်ကျွမ်းလျက်သေဆုံး၊ မီးရှို့သေစေသူအား စုံးစမ်းဖော်ထုတ်လျက်ရှိ

30 Oct 2018     1,564 Views


နေပြည်တော် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာ (၂) ၊ ကျွန်းချောင်း(၂) လမ်းရှိ နေအိမ်ခြံဝင်းတခုတွင် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးသည် ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးလောင်ကျွမ်းပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရှိခဲ့သည်။

အောက်တိုဘာ ၂၈ ရက်နေ့က ကိုအောင်ကျော်ဦးနှင့် ဇနီး မသန္တာစိုးတို့သည် မီးပူးတိုက်ပြီးသော အဝတ် အထည်များ ပြန်ပေးရန်အတွက် အမှတ် (၂၀၄၂) ရှိ AUNG MYIN CHAN THAR CONSTRUCTION, WE & WE INTERIOR DESIGN DECORATION CO.,LTD သို့ရောက်ရှိစဉ် ခြံဝန်းတံခါးဖွင့်ထားပြီး အိပ်ခန်းအတွင်း မီးခိုးများထွက်နေသည်ကိုတွေ့ရှိရသည့်အတွက် ရေမီးတာဝန်ခံ ကိုမော်ကြီးထံသို့သွားရောက်ခေါ်ဆောင်ပြီး ပြသခဲ့ရာ ကိုမော်ကြီးက အိမ်ခန်းအတွင်းဝင်ရောက်၍ မီး Main ခလုတ်များကိုပိတ်ပြီး လိုက်လံကြည်ရှုစဉ် ဒေါ်ခင်ထွေးဝင်းသန်းသည် ဒူးအထက်ပိုင်း မီးလောင်ပြီး သေဆုံးနေသည်ကို စတင်တွေ့ရှိ ခဲ့ကြခြင်းဖြစ်သည်။

သေဆုံးမှုနှင့်ပတ်သက်၍ ဘုရားကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူများ၊ ဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကုမ္ပဏီဝန်ထမ်း ဆောက်လုပ်ရေးကန်ထရိုက်၊ ဇမ္ဗူသီရိမြို့ ရေမီးတာဝန်ခံကိုမော်ကြီး (ခ) ကိုကျော်ဇေယျာဝင်းတို့နှင့်အတူ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ရာတွင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးမှာ ရေချိုးခန်းအတွင်း ပက်လက်အနေအထား ဒူးအထက်ပိုင်းခန္ဓာကိုယ်တခုလုံး မီးကျွမ်းသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ ရေချိုးခန်းအတွင်း ဘိုထိုင်အိမ်သာခွက်ဘေးတွင် သွေးကွက်များနှင့် ရေချိုးခန်းဝင်ပေါက်တံခါးနှင့် နှစ်ပေခန့်အကွာကြမ်းပြင်တွင် သွေးစက်အနည်းငယ် တွေ့ရှိကြောင်း၊ မီးလောင်မှုကြောင့် ရေချိုးခန်းအတွင်း မီးခိုးမှိုင်းများပေကျံလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၂/ ၂၀၁၈ ၊ (ပ) ၆၆/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း၊ ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ်လေးအား မီးရှို့သေစေသူအား စုံးစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


ထွန်း (နေပြည်တော်)


30 Oct 2018     1,564 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS