BEC-TERO TV

စစ်ကိုင်းက သီလရှင်ကြီး ကျောင်းတိုက်ကနေ ဆွဲထုတ်ခံရမှုဖြစ်စဉ်

30 Oct 2018     1,581 Views


အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စစ်ကိုင်းမြို့ “ဧမြဇေယျာဆောင်၊ ဝိမလာရာမတိုက်” မှ ဝါတော် ၃၈၊ သက်တော် ၅၈ ရှိပြီဖြစ်သော လက်ထောက် သီလရှင်ဆရာကြီး ဒေါ်ကေသာဝတီ အား ကျောင်းတိုက်ကနေ သီလရှင် အပါး ၃၀ ခန့်က ဝိုင်းဝန်းဆွဲထုတ်ခဲ့သည့် ဖြစ်စဉ်မှာ စာချုပ်အတုပြကာ ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားရာမှ ဖြစ်ခဲ့ကြောင်း ကျောင်း၏ မျက်နှာချင်းဆိုင် နေအိမ်တွင် သီလရှင်ဆရာကြီး၏ ဆွေမျိုးတော်စပ်သူ သီလရှင်ဆရာလေး တစ်ပါးက အောက်တိုဘာ ၂၈ တွင် သတင်းစာရှင်းလင်းခဲ့သည်။

ဒေါ်ကေသာဝတီ အသက် ၁၈ နှစ်အရွယ်မှစ၍ “ဧမြဇေယျာဆောင်၊ ဝိမလာရာမတိုက်” တွင်ပင် သီလရှင် ဝတ်ခဲ့ပြီး အဆိုပါကျောင်း၏ ကျောင်းထိုင်ဆရာကြီးဖြစ်သော ဒေါ်ဝိမလဉာဏီ နဲ့ အတူ သီတင်းသုံးနေထိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် သီလရှင်ကျောင်းထိုင်ဆရာကြီး ဒေါ်ဝိမလဉာဏီ ကွယ်လွန်ခဲ့ပြီးနောက် ဧမြဇေယျာချောင်တွင် တစ်ဝါမျှ မဆိုခဲ့ဘူးသော သီလရှင်ဆရာကြီး ဒေါ်သီတလကာမီ ရောက်ရှိလာခဲ့ပြီး ကျောင်းတိုက်အား လွှဲပြောင်းပေးခဲ့ကြောင်းစာချုပ်ပြကာ ကျောင်းတိုက်ကို ပိုင်ဆိုင်ပြီဟုဆိုကာ ဧမြဇေယျာချောင်တွင် သီတင်းသုံးနေကြသော သီလရှင်ဆရာလေးများအား ကျောင်းတိုက်မှ ထွက်ခွာစေခဲ့ကြောင်း သီလရှင်ဆရာကြီး ဒေါ်ကေသာဝတီ ၏ ညီမဖြစ်သူ ဆရာလေး ဒေါ်ကိန္ဒသိင်္ဂီ က မိန့်ကြားခဲ့သည်။

“ဒီကျောင်းတိုက် လွှဲပြောင်းခြင်းစာချုပ်မှာ လက်မှတ်အတုထိုးပြီး ရယူထားတာကိုလည်း အဆင့်ဆင့်ကို တင်ပြထားပါတယ်၊ ဆရာကြီး ဒေါ်သီတလကာမီ အရင်က ဒီမှာ တရက်မှာလည်း မနေဘူး၊ ဝါလည်း မဆိုဖူးဘူး၊ ဆရာလေးရဲ့အမကို ကျောင်းတိုက်က နှင်ထုတ်လို့မရပါဘူး။ နိုင်ငံတော်သံဃာ့နာယက ၄၇ပါး ဆုံးဖြတ်ချက်အရ ဧမြဇေယျာချောင်မှာ ဒေါ်ကေသာဝတီ ကို ရာသက်ပန် သီတင်းသုံးခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ခုလိုဆွဲနှင်ထုတ်ခြင်းခံရတာက ကျောင်းတိုက်ရဲ့ စည်းကမ်းကို မလိုက်နာလို့တဲ့။ ဆရာလေးရဲ့အဖေနေထိုင်တဲ့ အဆောင်လေးဟာ မိုးမလုံပါဘူး။ အဆောင်ကိုခွင့်ပြုချက်မရှိဘဲ အမိုးမိုးလို့ဆိုပြီး ဆရာလေးအမနဲ့ အဖေကို ကျောင်းတိုက်က နှင်ထုတ်တာပါ။ အခု အမနဲ့အဖေမှာ နေစရာမရှိပါဘူး။ ပစ္စည်းတွေကျောင်းရှေ့မှာ ပုံထားရပါတယ်။ ကျောင်းဘေးနားက ဒကာမတစ်ဦးဆီမှာ ခေတ္တနေနေရပါတယ် ။ သာသနအနွယ်ဝင်တွေဖြစ်ပြီး ခုလိုလူမဆန်စွာ အုပ်စုဖွဲ့ ဝိုင်းဝန်းဆွဲနှင်ထုတ်ခြင်းခံရတာ ဝမ်းနည်းမိပါတယ်။”ဟု ဆွဲထုတ်နှင်ခြင်းခံခဲ့တဲ့ ဧမြဇေယျာချောင် လက်ထောက်ဆရာကြီး၏ ညီမဖြစ်သူဆရာလေး ဒေါ်ကိန္ဒသိင်္ဂီက မိန့်ကြားခဲ့ပါတယ်။

“ဧမြဇေယျာဆောင်၊ ဝိမလာရာမတိုက်” ပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး တိုက်လွှဲပြောင်းသော စာချုပ်မှာ အတုဖြစ်ကြောင်း ဒေါ်ကေသာဝတီ က စစ်ကိုင်းမြို့နယ်၊ သီလရှင်အမှုဆောင်ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး သီလရှင်အမှုဆောင်အဖွဲ့တို့ထံ လျှောက်ထားကာ တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတတို့ထံ အောက်တိုဘာလ ၁ ရက်နေ့က တင်ပြထားခဲ့ကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - VOM

>> သီလရှင်ဆရာလေးအား ခါးဝတ်ကျွတ် အရှက်ရစေသည့် ဖြစ်စဉ်အစဆုံး (ရုပ်သံ)


30 Oct 2018     1,581 Views




RELATED

Most Popular of Special or Others

Most Popular of NEWS