BEC-TERO TV

ပြည်ပအရက်ဘီယာ တရားမဝင်ရောင်းချမှုကို စိစစ်အရေးယူမည်

29 Oct 2018     1,414 Views


နိုင်ငံခြား အရက်၊ ဘီယာများ တရားမဝင်ရောင်းချနေမှုများကို အထူးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းပြီးပါက စိစစ်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌါနမှ သိရှိရသည်။

အထူးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းပြီးပါက ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု စသည့် သက်ဆိုင်ရာ အပိုင်းအလိုက် စိစစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌါန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က အောက်ပါအတိုင်းပြောကြားခဲ့သည်။

"အရေးယူမှုကို မကြာခင် ဆောင်ရွက်ဖို့ရှိပါတယ်။ အရေးယူ မှုကိုအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သွားမှာ ပါ။ အဖွဲ့ဖွဲ့ဖို့အတွက်ကို တင်ပြဖို့ရှိတယ်။ သက်ဆိုင်ရာလုပ်ငန်းစဉ်အလိုက် ထုတ်လုပ်မှုအပိုင်း၊ တင်သွင်း မှု၊ ဖြန့်ဖြူးရောင်းချမှု အဲဒီလို အပိုင်းတွေမှာ အဖွဲ့ဖွဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ အသေး စိတ် အစီအစဉ်တွေ တင်ပြဖို့ရှိပါတယ်။ တင်ပြပြီး ခွင့်ပြုချက်ရရင် ဆက်လက်ဆောင်ရွက်သွားမှာပါ"

နိုင်ငံခြားခရီးသွားဧည့်သည်များ၊ ဟိုတယ်တွင် လာရောက်တည်ခိုသော ဧည့်သည်များ သောက်နိုင်ရန် သက်ဆိုင်ရာ ဟိုတယ်အလိုက် နိုင်ငံခြားအရက်တင်သွင်းမှုကို ခွင့်ပြုထားသလို လေဆိပ်ရှိ အကောက်ခွန်မဲ့ Duty Free ဆိုင်များတွင်လည်း ဧည့်သည်များကို ရောင်းချပေးနေဆဲဖြစ်သည်။

"နိုင်ငံခြားအရက်၊ ဘီယာတွေ ရောင်းချတာ တရားမဝင်ပါဘူး။ တင်သွင်းမှုအပိုင်းမှာဆိုရင် တရားဝင်အရက်၊ ဘီယာကို တင်သွင်းခွင့်ပြုထားတာ မရှိဘူး။ တင်သွင်းခွင့်ပေးထားတာ က လေဆိပ်မှာရောင်းချနေတဲ့ Duty Free ဆိုင်တွေ၊ ဟိုတယ်တွေကိုသာ အရက်၊ ဘီယာတင် သွင်းခွင့်ပေးထားတယ်။ အရက်၊ ဘီယာက တရားဝင်တင်သွင်းခွင့် ပေးထားတာ မဟုတ်တဲ့အတွက် ကြောင့် အရက်၊ ဘီယာတွေ ဈေးကွက်ထဲရောင်းနေတာတွေက တရားမဝင် တင်သွင်းလာတာတွေ ဆိုရင် အခွန်ဥပဒေအရ၊ ကျန်တဲ့ ဥပဒေအရ အရေးယူဆောင်ရွက် လို့ရတာပေါ့။

မကြာခင် ဆောင်ရွက်ဖို့ရှိပါတယ်။ ပြည်တွင်းကို ရောက်နေတာတွေ အခွန်မဆောင် တာတွေ ဘာလုပ်မလဲဆိုတာတွေ ကတော့ အသေးစိတ်ဆောင်ရွက်မယ့်အစီအစဉ်တွေ ညှိနှိုင်းမှုတွေ ဆောင်ရွက်ပြီးရင် ခုနပြောတာ တွေပါလာမှာပါ။ ဘာလုပ်မလဲဆို တာတော့ လက်ရှိမှာတော့ပြော လို့မရသေးဘူး"ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားခဲ့သည်။

တရားမဝင်နိုင်ငံခြားအရက် များရောင်းချနေမှုကိုတွေ့ရှိပါက ရောင်းချသည့်ပစ္စည်းအားလုံးကို သိမ်းဆည်းခြင်း၊ သိမ်းဆည်းရမိသည့်ပစ္စည်း၏ ကာလတန်ကြေး ၁ဝဝ ရာခိုင်နှုန်းကိုဒဏ်ရိုက်ခြင်း၊ ထောင်ဒဏ်သုံးနှစ်အထိချမှတ် ခြင်းများ ဆောင်ရွက်နိုင်ပြီး ယင်း ရောင်းချနေမှုကို သတင်းပေး တိုင်ကြားပါက သတင်းပေးသူကို တပ်ရိုက်သည့်ဒဏ်ငွေအဖြစ် ကောက် ခံရရှိငွေ၏ ၂၀ ရာခိုင်နှုန်း၊ ဖမ်းဆီး သည့်အဖွဲ့အစည်းအား ၃၀ ရာ ခိုင်နှုန်းနှင့် နိုင်ငံတော်မှ ၅၀ ရာ ခိုင်နှုန်းရရှိမည်ဖြစ်ကြောင်း သိရ သည်။

ယစ်မျိုးလိုင်စင် (FL12)ကိုင်ဆောင်ထားသော နိုင်ငံခြား အရက် လက်လီရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက "ရန်ကုန်မှာ FL12 ကိုင်ထားတာ ၂ဝဝဝ ကျော်ရှိတယ်။ ဖြစ်စေချင်တာက တရားဝင်တင်သွင်းခွင့်ပေးဖို့ပါ။အခွန်ပေးဆောင်ဖို့ပြောပေမယ့် လည်း ဖမ်းမယ်ဆိုတာပဲပြောတာ ရှိတယ်။ အရက်၊ ဘီယာနဲ့ပတ် သက်ပြီး အစိုးရက ဒီလထဲမှာ အစည်းအဝေးတွေလုပ်နေတာရှိ တယ်လို့ သိရတယ်။ ဒါပေမဲ့အခု ထိတော့ လက်ထဲရှိနေတာတွေ ကို ဘာလုပ်ရမယ်ဆိုတာသေသေ ချာချာ မသိရသေးဘူး" ဟု ပြော သည်။

သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး


29 Oct 2018     1,414 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS