ပြောင်းလဲလာနေသော ဝိဘတ်များ
26 Oct 2018 1,445 Views
ဗမာစာ၊ ဗမာစကားတွင် ဝါစင်္ဂ ကိုးမျိုးရှိသည့်အနက် လေ့လာမှတ်သားစရာ အများပြားဆုံး ဝါစင်္ဂမှာ ဝိဘတ်ဖြစ်မည်ထင်သည်။ နာမ်၊နာမ်စားတို့၏ နောက်၌ တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည် ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏နောက်၌တည်၍ ၄င်းကြိယာ၏ကာလနှင့် အမျိုးအစားကိုလည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟုခေါ်သည်။ နာမ်ဝိဘတ်နှင့် ကြိယာဝိဘတ်ဟူ၍ ဝိဘတ်နှစ်မျိုးသာရှိသော်လည်း အသေးစိတ်ထပ်ခွဲလိုက်ပါက နာမ်ဝိဘတ် (၁၇)မျိုး၊ ကာလပြကြိယာဝိဘတ် (၃)မျိုး၊ အမျိုးအစားပြကြိယာဝိဘတ် (၄)မျိုး၊ စုစုပေါင်း ဝိဘတ် (၂၄)မျိုးအထိ ရှိသည်။ ထို့ကြောင့် ယနေ့ခေတ် သတင်းစာ၊ ဂျာနယ်များ၌ အတွေ့ရဆုံး သဒ္ဒါအမှားများမှာ ဝိဘတ်အမှားများ ဖြစ်ကြသည်။ သို့သော် ဝိဘတ်အသုံးအနှုန်းများ ပြောင်းလဲလာကြသည်ကိုလည်း စာရေးသူသတိထားမိသည်။ ထိုအပြောင်းအလဲများမှာ အပြုသဘောဆောင် မဆောင် ဆိုသည်ကို စာဖတ်သူတို့ကိုယ်တိုင် စဉ်းစားကြစေလိုပါသည်။
(၁)ကံဝိဘတ်အဖြစ် သုံးနေသော " အပေါ် "
" ရန်ကုန်တိုင်းအစိုးရက Eleven မီဒီယာအပေါ် ထပ်မံတရားစွဲ " ဟူသော အရေးအသားကို သတင်းစာတစ်စောင်တွင် တွေ့လိုက်ရသည်။ (နောင်ဖော်ပြလတ္တံ့သော နမူနာ သတင်းခေါင်းစဉ်ဝါကျများသည်လည်း သတင်းစာများ၊ သတင်းဌာနများ၊ ဂျာနယ်များမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည် )။ အဆိုပါ " အပေါ် " ဆိုသောစကားလုံးကို ကံဝိဘတ်အနေဖြင့် သုံးထားသည်ဟု ယူဆရသည်။ သို့သော် မြန်မာစာအဖွဲ့က ထုတ်ဝေသော သဒ္ဒါကျမ်း၏ ကံဝိဘတ် သာဓကများထဲတွင် " အပေါ် " ဆိုသောစကားလုံး မပါဝင်ပါ။ " ကို " တစ်လုံးတည်းကိုသာ ကံဝိဘတ်ဟု သာဓကပြထားပါသည်။ စာရေးသူမှာ ပညာရှင်တစ်ဦးမဟုတ်ရာ " အပေါ် " ဆိုသည်မှာ ကံဝိဘတ် ဟုတ်မဟုတ် အဆုံးအဖြတ်မပေးလိုပါ။ သို့သော် အများလက်ခံထားကြသော " ကို " ကိုသာ ကံဝိဘတ်အဖြစ် အသုံးပြုပြီး " " Eleven မီဒီယာကို ထပ်မံတရားစွဲ " ဟု ရှင်းရှင်းလင်းလင်း ရေးသားစေလိုပါသည်။
" မြန်မာစစ်အရာရှိကြီး ၅ ယောက်အပေါ် သြစတြေးလျ အရေးယူဒဏ်ခတ် " ဟူသော သတင်းခေါင်းစဉ်တွင်လည်း " အပေါ် " ကို ကံဝိဘတ်အဖြစ်သုံးထားကြောင်း တွေ့ရသည်။
" ၂၇ပါတီ၏ ထုတ်ပြန်ချက်အပေါ် ဖေ့စ်ဘွတ်တင်ခဲ့သူနှစ်ဦးကို အမှုဖွင့် " ဟူသော သတင်းခေါင်းစဉ်တွင်လည်း " အပေါ် " ဟူသော စကားလုံးကို တွေ့ရပြန်သည်။ ထုတ်ပြန်ချက်ကို မမှန်မကန် ပြင်ဆင်ပြီး ဖေ့စဘုတ်ပေါ် တင်သည်ဟုဆိုကာ အမှုဖွင့်ခြင်း ဖြစ်သည်။ ဤနေရာတွင်လည်း " ကို " ဟူသော ကံဝိဘတ်မသုံးဘဲ " အပေါ် " ဟူသော စကားလုံးကို သုံးစွဲထားကြောင်း တွေ့ရသည်။မြန်မာစာအဖွဲ့၏ သဒ္ဒါကျမ်းတွင် ဝိဘတ်များကို မြှုပ်၍၊ ဖျောက်၍ သုံးနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် " ကို " ဝိဘတ်နှစ်လုံး မထပ်လိုပါက ပထမ " ကို " ကိုဖျောက်ကာ " ထုတ်ပြန်ချက် ဖေ့စဘုတ်တင်ခဲ့သူနှစ်ဦးကို " ဟုရေးသားနိုင်ပါသည်။
" ကျောင်းသားလူငယ်များ၏ နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ပုံဖျက်ခံရမှုများရှိနေ " ဟူသော သတင်းခေါင်းစဉ်ကမူ စာရေးသူကို အတော် ဦးနှောက်ခြောက်စေခဲ့သည်။ အဆိုပါဝါကျတွင်မူ " အပေါ် " ဟူသောစကားလုံးကို ကံဝိဘတ်အဖြစ် အသုံးပြုထားပုံပေါ်သည်။ စာရေးသူသာ ဆိုပါက " ကျောင်းသားလူငယ်များ၏ နိုင်ငံရေးလှုပ်ရှားမှုများ ပုံဖျက်ခံနေရ " ဟုသာ ဝိဘတ်မပါဘဲ ရေးသားပါမည်။ " ခံရ " ဟူသောစကားလုံးကြောင့် ကံပုဒ်ဖြစ်ကြောင်း ထင်ရှားနေပေရာ ကံဝိဘတ်မလိုဟု စာရေးသူယူဆပါသည်။ ဥပမာ- မောင်မောင် အသတ်ခံရ၊ စိုးစိုးနာရီ အခိုးခံရ စသည်တို့ဖြစ်ကြသည်။
ကျနော်တို့အနေနှင့် ဗမာစာ၊ဗမာစကား ပြောင်းလဲလာမှုများကို တားဆီးတွန်းလှန်ရန် မလွယ်ကူပါ။ သို့သော် မဖြစ်သင့်မဖြစ်ထိုက်သော ပြောင်းလဲမှုဆိုပါက အတတ်နိုင်ဆုံးခုခံကာကွယ်ရပေမည်။
(၂)အရေးကိစ္စနှင့်ပက်သက်၍ = အပေါ်
" အပေါ် " ဟူသော စကားလုံးကို " အရေးကိစ္စနှင့်ပက်သက်၍ " ဟူသော အဓိပ္ပါယ်မျိုးဖြင့် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်ကိုလည်း သတိထားမိသည်။ အင်္ဂလိပ်စကားလုံး " over " ကို အတုခိုးသည်ဟု ယူဆရသည်။ ဥပမာ - စက်သုံးဆီဈေးမြင့်တက်မှုအပေါ် ပြည်သူများ၏ အမြင် " ။ အဆိုပါသတင်းခေါင်းစဉ်ကို " စက်သုံးဆီဈေးမြင့်တက်မှုနှင့်ပက်သက်၍ ပြည်သူများ၏ အမြင် " ဟူ၍လည်း အဓိပ္ပါယ်တူညီစွာ ရေးသားနိုင်သည်။ ထို့ကြောင့် " အပေါ် " ဟူသော စကားလုံးကို အဆိုပါအဓိပ္ပါယ်မျိုးနှင့် လိုတိုရှင်း သုံးစွဲသည်ကို စာရေးသူလက်ခံပါသည်။
စင်စစ် " သူ ငါ့အပေါ် ကောင်းရှာတယ် " ဟူသော စကားအရ " အပေါ် " ဟူသောစကားလုံးသည် ဗမာစကားစစ်စစ်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုစကားသည် " သူ ငါ့အပေါ် မှာ ကောင်းရှာတယ် " ဟု မပြောဘဲ " မှာ " ဟူသော ဝိဘတ်ကို ဖျောက်ကာ ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် " အပေါ် " ကို ဝိဘတ်ဟု လွဲမှားယူဆလာကြပြီး ယခုလို ပြောင်းလဲလာရသည်ဟု စာရေးသူ တွေးမိပါသည်။
စာရေးသူသည် အင်္ဂလိပ်စာကို ကိန်းဘရစ်ခ်ျ တက္ကသိုလ်ထုတ် သဒ္ဒါစာအုပ်များဖတ်ရှုကာ လေ့လာခဲ့ပါသည်။ ထိုသဒ္ဒါစာအုပ်များနှင့်နှိုင်းယှဉ်ပါက မြန်မာသဒ္ဒါကျမ်းသည် အလွန်ချို့တဲ့နေပြီး ပညာရှင်များ ဆက်လက်ဖြည့်စွက်တိုးချဲ့ပြုစုရန် လိုအပ်နေသည်ဟု တွေးမိပါသည်။ မြန်မာသဒ္ဒါကျမ်း၏ ဝိဘတ်အခန်းကိုလည်း ပညာရှင်များ ထပ်မံဖြည့်စွက်ပြုစုစေလိုပါသည်။
(၃) ကံဝိဘတ်အဖြစ် သုံးလာကြသော " သို့ "
" သို့ " ဟူသောစကားလုံးကို ရှေးရှုရာပြဝိဘတ် သို့မဟုတ် ဆိုက်ရောက်ရာပြဝိဘတ်အဖြစ် အသုံးပြုနိုင်ကြောင်း မြန်မာသဒ္ဒါကျမ်းတွင် ဖော်ပြထားသည်။ သို့သော် ယနေ့ခေတ်တွင် " သို့ " ကို ကံဝိဘတ်အဖြစ်ပါ အသုံးပြုနေကြောင်း သတိထားမိသည်။ ဥပမာ - " ဆီးရီးယားအရှေ့ပိုင်းသို့ တိုးချဲ့တိုက်ခိုက်သွားမည်ဟု တူရကီသမ္မတဆို " ဟု သုံးနှုန်းထားသည်ကို သတင်းစာတစ်စောင်တွင် တွေ့ရသည်။
" အောင်စလံကြီး ကျေးရွာသို့ လျှပ်စစ်မီးပြန်ပေး " ဟူသော သတင်းခေါင်းစဉ်တွင်လည်း " သို့ " ကို ကံဝိဘတ်အဖြစ် သုံးထားသည်ကို တွေ့ရသည်။
ဘာသာစကားနှင့် ဘာသာစာပေတို့သည် အသုံးပြုသူများသာ မဆိတ်သုဉ်းပါက အစဉ်အမြဲတိုးတက်ပြောင်းလဲနေကြသည့်သဘော ရှိသည်။ သို့သော် ယနေ့ခေတ် ဗမာစာ၊ဗမာစကား၏ အရွေ့သည် တိုးတက်သော ပြောင်းလဲမှုဟုတ်ပါ၏လော၊ ဆုတ်ယုတ်သောပြောင်းလဲမှုဖြစ်နေသလောဟု စာရေးသူတွေးပူမိပါသည်။
" ကချင်ပြည်နယ်လမ်းဖောက်လုပ်မှုနှင့် ပက်သက်ပြီး အဂတိကော်မရှင်သို့ အတိုင်ခံရ " ဟူသော သတင်းခေါင်းစဉ်ကို ကြည့်ပါ။ ထိုဝါကျတွင် " သို့ " ဆိုသည်ကို အဘယ်ဝိဘတ်အဖြစ် သုံးစွဲထားသနည်း စဉ်းစား၍မရပါ။ " သို့ " ကို သုံးလိုပါက " အဂတိကော်မရှင်သို့ တိုင်ကြားစာပေးပို့ " ဟု ရေးသားနိုင်သည်။ သို့မဟုတ် " အဂတိကော်မရှင်ကို တိုင်ကြား " ဟုလည်း ကံဝိဘတ် " ကို " ကို အသုံးပြုနိုင်သည်။
(၄) အတွဲလိုက်ကြိယာများနှင့် ဝိဘတ်
ကြိယာများကို အတွဲလိုက်သုံးသောအခါ မည်သည့်ဝိဘတ် သုံးရမည်နည်း ဝေခွဲမရဘဲ မှားယွင်းကြသည်ကိုလည်း မကြာမကြာတွေ့နေရသည်။ ဥပမာ- " ရွှေဒဂုံစေတီတော်မြတ်ကြီး အား/သို့ သွားရောက်ဖူးမျှော် "။ ဤဝါကျတွင် " သွားရောက် " ဟူသော ကြိယာကို အလေးပေးလိုပါက " သို့ " ဝိဘတ်ကို အသုံးပြုကာ " ဖူးမျှော် " ဟူသော ကြိယာကို အလေးပေးလိုပါက " အား " ဝိဘတ်ကို အသုံးပြုကြသည်။ ကိုယ်ရွေးချယ်သော ဝိဘတ်သည် ကြိယာတစ်လုံးလုံးနှင့်တော့ ဆီလျော်ရပေမည်။ ဥပမာ- ရွှေဒဂုံစေတီတော်မြတ်ကြီးမှာ သွားရောက်ဖူးမြှော် " ဟူ၍ နေရာပြဝိဘတ် " မှာ " ကိုတော့ မရွေးချယ်သင့်ပါ။စာရေးသူကမူ ပထမဆုံးကြိယာနှင့် လျော်ညီသော ဝိဘတ်ကိုသာ အသုံးပြုသင့်သည်ဟု ယူဆပါသည်။
(၅) သာမန်အမှားများ
" မန္တလေးရှိ ဘုန်းကြီးကျောင်းအချို့မှ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ " ဟူသော သတင်းခေါင်းစဉ်တွင် နေရာပြဝိဘတ်သုံးရမည့်အစား ထွက်ခွာရာပြဝိဘတ် " မှ " ကို သုံးထားကြောင်းတွေ့ရသည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းများက ဖြန့်ဖြူးသော သို့မဟုတ် ထုတ်လုပ်သော မူးယစ်ဆေးဝါးများကို အခြားတနေရာတွင် ဖမ်းမိသလို လွဲမှားစွာအဓိပ္ပါယ်ပေါက်စေသည်။
သာမန်အမှားယူ၍သာ ခေါင်းစဉ်တပ်လိုက်ရသော်လည်း " အများညီ ဤ ကျွဲဖတ် " ဆိုသလိုအမှား ကြာလာပါက အမှန်ဖြစ်လာမည်စိုးရိမ်ရပါသည်။
(၆) ဝိဘတ်ဆိုင်ရာ မှတ်သားဖွယ်ရာများ
ဝိဘတ်နှင့်ပက်သက်၍ မှတ်သားဖွယ်ရာများကို မြန်မာစာအဖွဲ့၏ မြန်မာသဒ္ဒါကျမ်းထဲမှ ကောက်နုတ်တင်ပြလိုက်ရပါသည်။
မြန်မာစကား၌ အတိတ်ကာလပြကြိယာဝိဘတ်၊ ပစ္စုပ္ပန်ကာလပြကြိယာဝိဘတ်ဟူ၍ သီးခြားသတ်မှတ်သုံးနှုန်းခြင်း မရှိပါ။ ဝါကျအနေအထားအလိုက်သာလျှင် ခွဲခြားနိုင်ခြင်း ဖြစ်ပါသည်။ ဥပမာ- မောင်သံချောင်းသည် ရန်ကုန်မြို့၍ နေသည်၊ မောင်သံချောင်းသည် လွန်ခဲ့သော ငါးနှစ်က ရန်ကုန်မြို့၌ နေသည် ။ " သည် " ဟုသာ သုံးစွဲပြီး " ခဲ့သည် " ဟု သုံးရန်မလိုဟု ဆိုလိုခြင်းဖြစ်သည်။
လက်ခံသူဖြစ်ကြောင်းကိုပြသော ဝိဘတ်သည် လက်ခံပြဝိဘတ်ဖြစ်သည်။ လက်ခံပြဝိဘတ်မှာ " အား " ဖြစ်သည်။" နှင့် " ကို အသုံးခံပြဝိဘတ်အဖြစ် အသုံးပြုသောအခါ ကြိယာ၏ရှေ့၌ ထားရသည်။ ဥပမာ- " ဒေါ်ကြည်ခင်သည် ချိန်ခွင်နှင့် လက်ဖက်ခြောက်ကို ချိန်ကို ချိန်သည် " ဟု ရေးလျှင် လက်ဖက်ခြောက်ကိုသာမက ချိန်ခွင်ကိုလည်း ချိန်သည်ဟု အဓိပ္ပါယ်ပေါက်စေသည်။ ထို့ကြောင့် " ဒေါ်ကြည်ခင်သည် လက်ဖက်ခြောက်ကို ချိန်ခွင်နှင့် ချိန်သည် " ဟု ရေးရမည်။
အချို့သော စကားလုံးတို့သည် ဝါကျအတွင်းရှိ အသုံးကိုလိုက်၍ ဝါကျဆက်သမ္ဗန္ဓလည်း ဖြစ်နိုင်သည်။ နာမ်ဝိဘတ်လည်း ဖြစ်နိုင်သည်။
မြန်မာပြည်တွင် မြစ်ကြီးများရှိသည့်အနက် သံလွင်မြစ်သည် အရှည်ဆုံးဖြစ်သည် ( " အနက် " ကို ဝါကျဆက်သမ္ဗန္ဓအဖြစ် သုံးထားခြင်း ) ။ မြန်မာပြည်ရှိ မြစ်ကြီးများအနက် သံလွင်မြစ်သည် အရှည်ဆုံးဖြစ်သည် ( " အနက် " ကို နာမ်ဝိဘတ်အဖြစ် သုံးထားခြင်း ) ။
မိုးအေး(ကျွန်းချောင်း)
ကိုးကား။ ။ မြန်မာသဒ္ဒါကျမ်း အတွဲ(၁)၊ (၂)၊ (၃) ပေါင်းချုပ် (တတိယအကြိမ်)