BEC-TERO TV

ကိုယ့်ကိုကိုယ် အိုနေပြီလို့မညာမတာပြောလိုက်တဲ့ မဆူဇီ

16 Oct 2018     1,769 Views


ရတုဆက်ဆက်တို့ အိုကေအောရိုက်တို့ အစရှိတဲ့ သီချင်းလေးများနဲ့ လူကြိုက်များ ခဲ့တဲ့ အဆိုတော်မဆူဇီဟာဆိုရင် သီချင်းများအသစ် မဆိုဖြစ်တာ တော်တော်ကြာနေပြီဖြစ်ပါတယ်။

ပရိတ်သတ်များကလဲ ဆူဇီကို သီချင်းအသစ်လေးတွေထွက်ရှိဖို့ မျှော်လင့်နေကြပါပြီ။

ဆူဇီအနေနဲ့ အယ်လ်ဘမ်အသစ် ထွက်ရှိဖို့ရာအတွက်သီချင်းလေးတွေကို စုနေတယ်လို့ ပြောပါတယ်။

“အစ်မ ပရိတ်သတ်တွေကလဲ အစ်မ ခွေအသစ်ထွက်မယ်ပြောတိုင်း ညာပြန်ပြီ လိမ်ပြန်ပြီဆိုပြီး ပြောနေကြပါပြီ ဒီတစ်ခါတော့ မညာတော့ပါဘူး။ တကယ် အခွေထွက်မှာပါ အနည်းဆုံးနောက်နှစ်ဆန်းလောက်တော့ ထွက်နိုင်အောင် ကြိုးစားထားပါတယ်” ဆိုပြီး ဟာသနှောပြောကြားထားပါတယ်။

 

ဆူဇီက သူ့ကိုယ်သူ အသက်ကြီးလာတာနဲ့ပတ်သတ်ပြီး အဖွားကြီးလဲဖြစ်နေပါပြီ အသက်လဲတော်တော်ရနေပါပြီလို့ ခိုင်းနှိုင်း ပြောဆိုထားပါတယ်။ ဒီတစ်သက်တော့ မစွံတော့ဘူးထင်ပါတယ်ဆိုပြီး ရယ်မောကာ ပြောဆိုနေခဲ့ပါတယ်။

သူမက အသက်အရွယ်ရလာတာနဲ့ ပတ်သတ်ပြီး “အသက်အရွယ်ရလာတော့လေ တစ်နေ့တခြား ကျန်းမာရေးလေးတွေ ထိန်းရတာတွေရှိတယ်။ အရင်ကလောက်မသွက် လက်တော့ဘူး။ တခါတလေတော့လဲ အိုလာပြီ အဖွားကြီးဖြစ်လာပြီလို့ ပြောခံရပါများတော့ နည်းနည်းတော့ ပြင်ရဆင်ရတာပေါ့နော် အဖွားကြီးနဲ့ မတူအောင်လို့” ဟုပြောဆိုထားပါတယ်။

ကျန်းမာရေး အခြေအနေ နဲ့လဲပတ်သတ်ပြီး “၃၀ ကျော်နောက်ပိုင်းမှာ ၂၀ ကျော်တုန်းလောက်တော့ မသွက်လက်နိုင်တော့ဘူးပေါ့နော်။ အပင်ပန်းမခံနိုင်ဘူး။ အသက် ၂၀ တုန်းက နုပျိုမှုမျိုးကလဲပြန်မရနိုင်တော့ဘူးလေ။ ကျန်းမာရေးကတော့ ဒီလိုပဲ ဂရုစိုက်ရတာပေါ့” လို့ပြောကြားထားပါတယ်။

သူမဟာ ယခုလက်ရှိမှာသူမရဲ့ စတုတ္ထ အယ်လ်ဘမ်အတွက် သီချင်းများသွင်းနေတာဖြစ်ပြီး ခရစ်စမတ်နေ့မှာ Music video နဲ့အတူ သီချင်းတစ်ပုဒ် ကိုလက်ဆောင်အနေနဲ့ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ပေးမယ်လို့ပြောထားပါတယ်။

ပြီးတော့သူမက သူမကို ရတုဆက်ဆက်တို့ အိုကေအောရိုက်တို့ ကတည်းက အားပေးခဲ့တဲ့ ပရိတ်သတ်များကို ကျေးဇူးတင်တယ်လို့ဆိုထားပါတယ်။ ဆူဇီဆိုပြီး မသိသေးတဲ့ ပရိတ်သတ်ကြီးအတွက်ရော သိပြီးတဲ့ပရိတ်သတ်ကြီးအတွက်ရော  အကောင်းဆုံးကြိုးစားသွားမှာပါ အားလုံးကို ကျေးဇူးတင်ပါတယ် လို့ပြောကြားထားပါတယ်။


16 Oct 2018     1,769 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS