ဂျူဝယ်လ်နဲ့ အထင်လွဲမှားခံရခြင်းအပေါ် ဖြေရှင်းလိုက်တဲ့ ဖြိုးပြည့်စုံ
15 Oct 2018 1,497 Views
အလွမ်းမှတ်တိုင်၊ အချစ်ဦး အစရှိတဲ့ အချစ်သီချင်း လေးတွေကို သီဆိုထားတဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ ဂျူဝယ်လ် တို့ဟာ ဆိုရင် စုံတွဲတေးသီချင်းလေးတွေ သီဆိုတဲ့ နေရာမှာ အရမ်းကိုလိုက်ဖက်ညီတဲ့ စုံတွဲ တစ်တွဲမဟုတ်ပါလား။
သူတို့ သီဆိုထားတဲ့ အချစ်သီချင်းများနဲ့ အသံပါဝါတွေက လိုက်လျောညီထွေမှုရှိ လွန်းတာကြောင့် ပရိတ်သတ်များကတောင် သူတို့ကို တွဲနေကြတာလားလို့ အထင်မှားရတဲ့ အထိပါပဲ။
တကယ်တော့ သူတို့ဟာ အနုပညာမောင်နှမတွေပါပဲတဲ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပရိတ်သတ်ကြီး အထင်လွဲနေတာကို ဖြိုးပြည့်စုံအနေနဲ့ အောက်ပါအတိုင်းပြောကြား ထားပါတယ်။
“အစ်ကိုကတော့ ၂၀၁၀ melody world ကနေစတာပေါ့နော်။ ဒါပေမဲ့ ဂျူဝယ်လ်နဲ့က ၂၀၁၂ မှစသိတာ။ အစ်ကိုက Presenter လုပ်တယ် ဂျူဝယ်လ်က အဲ့ပြိုင်ပွဲကိုလာပြိုင်တယ် အဲ့လိုနည်းနဲ့ ရင်းနှီးတယ်။ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်၂၀၁၅ မှာ အကိုလုပ်တော့ အဲ့ အယ်လ်ဘမ်ထဲမှာ အချစ်ဦးဆိုတဲ့ သီချင်းလေးကို ဂျူဝယ်လ် က featuring လေးဝင်ဆိုတယ်။ ဆိုတဲ့အခါမှာလဲ တစ်ပိုဒ်လေးပဲနည်းနည်းလေးပဲဆိုပေးရမှာ၊ ရလားလို့ဆိုတော့ သူကရတယ်ဆိုတာနဲ့ အဲ့ကနေစပြီး ခင်သွားတာပေါ့နော်”ဆိုပြီး သူတို့ တစ်ယောက်နဲ့ တစ်ယောက်စတင် သိကြားခဲ့ပုံကိုပြောပြထားပါတယ်။ အခုဆို ဂျူဝယ်လ်နဲ့သိတာ ၃ နှစ်လောက်ရှိပြီလို့ ဆိုထားပါတယ်။
ပရိတ်သတ်များက သူတို့နှစ်ယောက်ကို အတွဲလို့မြင်နေတယ်လို့ ပြောတာတွေရှိပါတယ်တဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖြိုးပြည့်စုံက
“အမှန်တကယ်တော့ ကျွန်တော်တို့တွေက တစ်ယောက်တည်းသမားတွေ ဂျူဝယ်လ်ဆိုလဲ ဇာတိက ပြင်ဦးလွင်က ဒါပေမဲ့သူ့ဟာသူ ဒီမှာတစ်ယောက်တည်းလာနေ တာပဲ။ အစ်ကိုဆိုလဲ မိသားစုရှိပေမဲ့ မိသားစုနဲ့ မနေဘူး တစ်ယောက်တည်းပဲနေတာ။ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ မောင်နှမလိုဖြစ်နေတာပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးတော့ ပြောမနာဆိုမနာ စိတ်ဆိုးစိတ်ကောက်ရင်လဲပြောစရာရှိရင်ပြောလိုက်တယ် မျက်နှာတွေဘာတွေ မနာဘူး။ အဲ့လိုပွင့်လင်းကြတဲ့အတွက် အလုပ်လုပ်တာ စိတ်ရှင်းကြတယ်။ ပွင့်လင်းကြတယ်။ ဒါကိုအထင်မှားတဲ့ ပရိတ်သတ်တွေလဲ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က မောင်နှမတွေလိုပါပဲ ” လို့ ပြောကြားထားပါတယ်။