မိန်းမနောက်မီးလင်းတာကို ဂူဂယ်လမ်းညွှန်ကနေ တွေ့ရှိပြီး ကွာရှင်း
15 Oct 2018 1,602 Views
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အရာရာဟာ လွယ်ကူလျှင်မြန်ချောမွေ့လာတယ်လို့ ပြောလို့ရသလို နေရာတိုင်းက စောင့်ကြည့်ခံနေရတာကြောင့် စိတ်ကွယ်ရာအရပ်ဆိုတာ မရှိတော့လောက်အောင် ကျဉ်းမြောင်းလာပါတယ်။
ပီရူးနိုင်ငံက အမျိုးသားတစ်ဦးဟာ လီမာမြို့မှာရှိတဲ့ နံမည်ကျော်ရှုခင်းသာတံတားကို အမြန်ဆုံးရောက်နိုင်မယ့် ကားလမ်းကြောင်းကို ဂူဂယ်လ်လမ်းပြ (Google Street) နဲ့ ရှာဖွေခဲ့ရာ အဆိုပါတံတားအနီးက ခုံတန်းရှည်လေးမှာ သူ့ရဲ့ဇနီးဖြစ်သူက အခြားအမျိုးသားတစ်ဦးနဲ့ အကြည်စိုက်နေတာကို လုံးဝထင်မှတ်မထားပဲ တွေ့ရှိခဲ့ပါတယ်။
Google Street က လူပုံတွေကို လုံခြုံရေးအရ မျက်နှာကို မှုန်ဝါးထားပေမယ့် အမျိုးသမီးရဲ့ ကောက်ကွေးနေတဲ့ဆံပင်နဲ့ အဝတ်အစားတို့ကြောင့် ခင်ပွန်းဖြစ်သူက ချက်ခြင်း မှတ်မိသွားခဲ့ပါတယ်။ ပုံထဲမှာ ခုံတန်းလျားမှာ ထိုင်နေတဲ့ ဇနီးသည်ရဲ့ပေါင်ပေါ်မှာ အခြားအမျိုးသားတစ်ဦးက ခေါင်းအုန်းလျှက်၊ အမျိုးသမီးက အမျိုးသားရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးနေတာကို တွေ့ခဲ့ရပါတယ်။
အဆိုပါဓါတ်ပုံဟာ Google Street view ရိုက်တဲ့ ကားနဲ့ ၂၀၁၃ တုန်းက လှည့်လည်ရိုက်ကူးခဲ့တဲ့ ပုံဖြစ်ပြီး စုံတွဲပုံကတော့ ကံမကောင်းအကြောင်းမလှစွာ ပါသွားခဲ့ပြီး ခင်ပွန်းဖြစ်သူကလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့တာဖြစ်ပါတယ်။
အမှန်တော့ သူတို့ လင်မယားဟာ စိတ်အခန့်မသင့်လို့ တစ်ကွဲစီနေထိုင်နေကြပေမယ့် တရားဝင်ကွာရှင်းဖို့ လုံလောက်တဲ့ အထောက်အထားမပြနိုင်တာကြောင့် ကွာရှင်းလို့မရဖြစ်နေကြသူတွေပါ။ ခင်ပွန်းသည်က ဒီပုံကိုတွေ့ပြီးနောက် ကွာရှင်းရန် အထောက်အထားလုံလောက်ပြီဟု ရေးသားကာ လူမှုကွန်ယက်ပေါ်ကို တင်ခဲ့ပါတယ်။ အဲဒီနောက် လူမှုကွန်ယက်ပေါ်ကို အလျှင်မြန်ပျံ့နှံသွားခဲ့တာဖြစ်ပါတယ်။
Google Street view ဟာ တစ်ခါတစ်ရံအမှန်တစ်ကယ် ဖြစ်နေတဲ့ အဖြစ်မှန်ပုံတွေဖြစ်တဲ့ ကိုယ်လုံးတီးချွတ်နဲ့ ကားထဲကထွက်လာတဲ့ အမျိုးသား၊ လမ်းပေါ်မှာ ရုတ်တရက် ကလေးမီးဖွားနေပုံ၊ ဓါးပြတိုက်နေပုံ စတာတွေကို ရိုက်မိခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ဇနီးနဲ့ ကွာရှင်းလိုနဲ့ ခင်ပွန်းကတော့ ဒီပုံကို မထင်မှတ်ပဲတွေ့လိုက်တာဟာ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ဖြစ်သွားပါတယ်။