ရန်ကုန်တိုင်းဒေသကြီး စည်ပင်မှထုတ်ပြန်လိုက်သော စည်းမျဉ်းဥပဒေသစ်များ
04 Oct 2018 1,433 Views
၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင် မှဥပဒေ အသစ်များကိုထုတ်ပြန်လိုက်ပါတယ်။
၁။ လမ်းနှင့် စင်္ကြန်ပေါ်တွင် ကားရေဆေးခြင်း၊ညအိပ်ရပ်နားခြင်း၊ အကြောင်းမဲ့ အချိန်ကြာမြင့်စွာယာဉ်ရပ်နားခြင်း၊ မြို့တော် နယ်နမိတ်အတွင်း မီးစက်နှင့် အခြားပစ္စည်းကိရိယာများထားရှိခြင်း၊ အရည်အသွေးမပြည့်မီသော ကျန်းမာရေးနှင့်မညီညွတ်သော အသားငါး၊ စားသောက်တို့ကိုရောင်းချခြင်း အစရှိသည့် ပြစ်မှုများကိုပြုလုပ်လျှင် ဒဏ်ငွေ ကျပ် ၁သိန်းမှ ၅ သိန်းအထိ ပေးဆောင်ရမည်ဖြစ်သည်။
၂။ရေဆိုးသန့်စင်စနစ် ပျက်စီးစေရန်လုပ်ဆောင်ခြင်း၊ စည်ပင်ခွင့်ပြုချက်မရှိပဲ အသားထုတ်လုပ်သိုလှောင်ခြင်း၊ စားသုံးရန်မသင့်သော အသားငါး၊အစားအသောက်၊ လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အမှုတို့ကိုပြုလုပ်လျှင် ဒဏ်ငွေ ကျပ် ၁သိန်းမှ သိန်း ၅၀အထိပေးဆောင်ရမည်ဖြစ်သည်။
၃။ဈေးများတွင် စည်ပင်ခွင့်ပြုချက်မရှိပဲ ဈေးရောင်းခြင်း၊ ယာယီ(သို့)
အမြဲတမ်းအဆောက်အအုံထားရှိခြင်း၊အလှူငွေ ကောက်ခံခြင်း၊ ဖျော်ဖြေပွဲ၊ ဟောပြောပွဲကျင်းပခြင်း အမှုတို့ကိုပြုလုပ်လျှင် ဒဏ်ငွေ ကျပ် ၅သောင်း မှ ၃သိန်း အထိပေးဆောင်ရမည်ဖြစ်သည်။
၎။အဆောက်အအုံ၊ခြံဝန်းများထဲမှထွက်သော အညစ်အကြေး၊ရေအိုးများကို စည်ပင်ခွင့်ပြုချက်မရှိပဲ YCDC မိလ္လာပြွန်ထဲသို့စွန့်ပစ်ခြင်း၊ စည်ပင်ခွင့်ပြုချက်မရှိပဲ မော်တော်ယာဉ် ရပ်နားခကောက်ခံခြင်း အစရှိသည့်အမှုတို့ကို ကျူးလွန်လျှင် ဒဏ်ငွေကျပ် ၁သိန်းမှ ၅သိန်း နှင့် ထောင် ၆လ ကျခံရပါမည်။
၅။စည်ပင်သတ်မှတ်ခွင့်ပြုထားသည့် နေရာ၊အချိန်မှအပ လမ်းဘေးဈေးရောင်းခြင်း၊ စည်ပင်ခွင့်ပြုမိန့်လိုင်စင်မရှိပဲ ယာဉ်တစ်မျိုးမျိုးဖြင့် လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်း တို့ကိုပြုလုပ်လျှင် ဒဏ်ငွေကျပ် ၁သောင်းမှ ၁သိန်းအထိ ပေးဆောင်ရမည်ဖြစ်သည်။
၆။ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ဓာတုပစ္စည်း၊ အဆိပ်အတောက်ပစ္စည်း၊ ဓာတ်ရောင်ခြည်သင့်စေသော ပစ္စည်း အီလက်ထရောနစ်ပစ္စည်းများ၊ စည်ပင်သတ်မှတ်နေရာမှလွှဲ၍ အခြားနေရာများတွင် စွန့်ပစ်ခြင်းအမှုတို့ကိုပြုလုပ်လျှင် ဒဏ်ငွေ ၁သိန်းမှ ၅သိန်းအထိပေးဆောင်ရမည်ဖြစ်သည်။
၇။အထပ်မြင့်တိုက်ခန်းများမှ အမှိုက်နှင့် စက်ဆုပ်ဖွယ်ရာများရေမြောင်း၊ခြံဝန်း၊လမ်း၊ နောက်ဖေးလမ်းကြားသို့ပစ်ချခြင်း၊ ပန်းဥယာဉ်၊ပန်းခြံ၊ကစားကွင်းအတွင်းသို့ အမှိုက်နှင့် စက်ဆုပ်ဖွယ်ရာများပစ်ချခြင်း၊ စည်ပင်သာယာကထားရှိသည့်အမှိုက်ပုံး၊ အမှိုက်ကန်၊အမှိုက်ပုံနေရာများတွင်ရွေ့ပြောင်းဖျက်စီးခြင်း(ဖျက်စီးသည့် တန်ဖိုး၏သုံးဆ) အစရှိသည့်အမှုတို့ကိုပြုလုပ်လျှင် ဒဏ်ငွေကျပ် ၃သောင်းမှ သုံးသိန်းနှင့် ထောင် ၆ လကျခံရမည်ဖြစ်ပါသည်။
၈။စည်ပင် ခွင့်ပြုချက်မရှိပဲ အဆောက်အဦးဆောက်လုပ်လျှင် ကျပ် ၃ သိန်းမှ သိန်း ၃၀ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။
၉။အများပြည်သူနှင့် သက်ဆိုင်သောနေရာနှင့် လမ်းပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊အညစ်အကြေးစွန့်ပစ်ခြင်းနှင့် မိမိမွေးထားသော အိမ်မွေးတိရစ္ဆာန်များ အညစ်အကြေးစွန့်ပစ်ခြင်းတို့ ပြုလုပ်လျှင် ဒဏ်ငွေကျပ် ၃ သောင်းမှ ၅သောင်းအထိ ပေးဆောင်ရမည်ဖြစ်သည်။