အသက် ၈၇ နှစ် အဖွားအိုကို ရိုက်နှက်ကန်ကျောက်တဲ့ လူငယ် ရုပ်သံ ဝေဖန်မှုများပြင်းထန်နေ
02 Oct 2018 1,494 Views
လတ်တလော လူမှုကွန်ယက်အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံကြောင့် ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်ဓါတ်တွေ မာကျောကြမ်းတမ်းနေကြပြီလားဆိုတာ မေးခွန်းထုတ်စရာ၊ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။
စိတ်မကောင်းစရာ ပုံရိပ်တွေ ပြည့်နေတဲ့ ရုပ်သံမှာတော့ လူငယ်တစ်ဦးဟာ အသက် ၈၇ နှစ်အရွယ် လမ်းလျှောက်တုတ်ကို အားပြုကာ တုန်ချိ တုန်ချိနဲ့ လမ်းလျှောက်လာနေတဲ့ အဖွားအိုကို အသက် ၁၈ နှစ်အရွယ် လူငယ်က အဝေးကနေပြေးပြီး အရှိန်နဲ့ ရင်ဝကို ဆောင့်ကန်ပါတယ်။
အဖွားအိုက ကတ္တရာလမ်းပေါ် လဲကျသွားတဲ့အချိန်မှာ ရင်ဘတ်ပေါ်ကို ခြေထောက်နဲ့ ဆောင့်နင်းခဲ့ပြန်ပါတယ်၊ အဲဒီနောက် အဖွားအိုရဲ့ လမ်းလျှောက်ထုတ်ကို ကောက်ယူပြီး ရိုက်နှက်ပြန်ပါတယ်။ လမ်းသွားလမ်းလာ အခြားအမျိုးသားတစ်ဦးက တွေ့လို့ဝင်ဆွဲတော့မှ တုတ်ကိုပစ်ချပြီး ထွက်သွားခဲ့ပါတယ်။
လူငယ်ဟာ အငြိုးတကြီးနဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ဘာကြောင့်ဒီလောက်တောင် ရိုက်နှက်ခဲ့ရတာပါလဲ..။
ဖြစ်စဉ်ကတော့ လူငယ်ဟာ စီးဘီးကို အကြမ်းပတမ်းစီးပြီး အဖွားအိုအနီးမှ ကပ်ဖြတ်သွားချိန်မှာ အဖွားအိုက လူငယ်ကိုလှမ်းပြီး "အဲ့လောက်ကြမ်းကြမ်းစီးရင် စက်ဘီးတော့ပျက်ဆီးတော့မှာပဲ" လို့ သတိပေးစကားပြောလိုက်တာကို မကျေနပ်လို့ မလှမ်းမကမ်းမှာ စက်ဘီးကို ရပ်လိုက်ပြီး အဖွားအိုဆီကို ပြေးသွားကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဖွားအိုဟာ ကန်ကျောက်ရိုက်နှက်တဲ့ ဒဏ်ကြောင့် အရိုးအချို့ကျိုးသွားပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ကျူးလွန်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကိုတော့ ရဲအဖွဲ့က ဖမ်းဆီးထားပြီး အဖွားအိုက စေတနာနဲ့ သတိပေးတာကို ဘာကြောင့် ဒီလိုဒေါသနဲ့ တုံ့ပြန်ခဲ့လည်းဆိုတာကိုတော့ လူငယ်က ဖြေကြားခြင်းမရှိပါဘူး။