ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနေရာမှာ ဒေါ်ခင်မျိုးကြည်ကို အစားထိုးခန့်အပ်ကြောင်း လွှတ်တော်မှာ အတည်ပြု
26 Sep 2018 1,357 Views
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနေရာမှာ အစားထိုး ခန့်အပ်ဖို့ ဒေါ်ခင်မျိုးကြည် အဘ ဦးသိုက် (ခ) ဦးအောင်သိုက်၊ နိုင်ငံသား စိစစ်ရေးအမှတ် ၉/မရမ(နိုင်) ၀၂၂၅၁၁ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ (စက်တင်ဘာ ၂၆ ရက် ) မနက်ပိုင်းမှာ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ အဆိုပြု တင်သွင်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ တရားခံ တွေဆီက လာဘ်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ စစ်ဆေးအရေးယူခံရပြီး ရာထူးကနေ ရုပ်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးဟန်ထူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ခရိုင်တရားသူကြီး၊ ဥပဒေအရာရှိ အပါအဝင် ၅ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ လည်းကောင်းအသီးသီး တရားစွဲရုံးထုတ်ခဲ့ပါသည်။