မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးတက္ကသိုလ်များ ဖွင့်လှစ်ရန်ကမ်းလှမ်း
18 Sep 2018 1,351 Views
မြန်မာနိုင်ငံတွင် နိုင်ငံခြားပုဂ္ဂလိက ဆေးတက္ကသိုလ်များ လာရောက်ဖွင့်လှစ်ရန် ကမ်းလှမ်းမှုများရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က စက်တင်ဘာလ ၁၇ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
ပုဂ္ဂလိကဆေးတက္ကသိုလ်များ ဖွင့်လှစ်ရန် ကမ်းလှမ်းထားသောနိုင်ငံများထဲတွင် အိန္ဒိယ၊ ကိုးရီးယား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဆေးကျောင်းဝင်ခွင့်အမှတ် ကန့်သတ်ချက်ကြောင့် အရည်အချင်းပြည့်ဝသော်လည်း တက်ရောက်ခွင့်မရသဖြင့် အထူးသဖြင့် မိန်းကလေးများ နစ်နာမှုရှိပြီး အဆိုပါနစ်နာမှုများသည် နိုင်ငံတော်အတွက် နစ်နာကြောင်း၊ နိုင်ငံခြားပုဂ္ဂလိက ဆေးတက္ကသိုလ်များ ဖွင့်လှစ်မည်ဆိုပါက သင်ကြားရေးကို ပြည်တွင်းရှိ ဆေးရုံများနှင့် တွဲဖက်ဆောင်ရွက် လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ဆေးရုံအတွက် ဝင်ငွေရရှိနိုင်သလို၊ ပြည်တွင်းမှ ဆေးပညာရှင်များ သင်ကြားရေးတွင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆေးကျောင်းဝင်ခွင့်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည်နှင့် ချက်ခြင်းတက်ရောက်ရသည့် စနစ်ဖြစ်သည်။ အကယ်၍ ပုဂ္ဂလိကဆေးတက္ကသိုလ်များ ပေါ်ပေါက်လာပါက သတ်မှတ်ထားသော အရည်အချင်းပြည့်မှီသော မည်သူမဆို အချိန်မရွေးတက်ရောက်နိုင်မည်ဖြစ်သည်။
အနာဂတ်အတွက် တိုင်းပြည်တည်ဆောက်ရာတွင် ပညာတတ်များဖြင့်သာ တည်ဆောက်မှ ရမည်ဖြစ်သဖြင့် ယခုကဲ့သို့ ကမ်းလှမ်းချက်များကို လက်ခံသင့်ကြောင်း ဝန်ကြီးက သူ၏ ကိုယ်ပိုင်အမြင်အား မီဒီယာများကို ပြောကြားခဲ့သည်။
Source: 5Plus