ကျောက်ဆည် GTI ကျောင်းသားတစ်ဦး ဓားထိုးခံရကာ နေရာတင်သေဆုံး
30 Aug 2018 1,612 Views
ကျောက်ဆည် GTI မှ Mechanical Power(စက်မှုစွမ်းအား) နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ နေမင်းထက် အား လူသုံးဦးမှ ထိုးကြိတ်ကာ ဝိုင်းဝန်းလုယက်ခဲ့ပြီး ဓားနဲ့ထိုးခံရမှုကြောင့် နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက် ည ၉ နာရီခွဲအချိန်ခန့်တွင် နေမင်းထက် က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ်နောက်တွင် ဖုန်းမှဂိမ်းကစားရင်း ထိုင်စီးလာစဉ် လူသုံးယောက် စီးလားသော ဆိုင်ကယ်က သူတို့ဆိုင်ကယ်နှင့် ဘေးချင်းယှဉ်လိုက်လာပြီး နေမင်းထက် ၏ လက်ထဲမှ ဖုန်းအား လုယူခဲ့ကြသည်။
ဖုန်းလုရင်း ဆိုင်ကယ်လဲသွားချိန်တွင် လူသုံးဦးက သူတို့နှစ်ယောက်ကို ထိုးကြိတ်ပြီး နေမင်းထက် ကို ဓားနဲ့ထိုးသွားကြောင်း၊ အခြားလူတွေ ရောက်လာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည် သို့သော် ဖြစ်စဉ်တစ်ခုလုံးကို အနီးနားရှိ စတိုးဆိုင်မှ စီစီတီဗီဖြင့် မှတ်တမ်းရယူနိုင်ခဲ့သည်။
ရဲများက စီစီတီဗီကို စစ်ဆေးပြီးနောက် တရားခံများကို ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ကြောင်း နေမင်းထက် ၏ ဦးလေးဖြစ်သူ ဦးတိုးဝေဖြိုး က ပြောကြားခဲ့သည်။ နေမင်းထက် မှာ နှလုံးကိုထိုးမိသော ဓားဒဏ်ရာကြောင့် နေရာတွင် သေဆုံးခဲ့ရကြောင်း ဆေးစစ်ချက်အရ သိရှိရသည်။
နေမင်းထက် ၏ သူငယ်ချင်းဖြစ်သူမှာ ထိုးကြိတ်ဒဏ်ရာများသာ ရရှိခဲ့သည်။ လုယက် လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ ယခင်ကလည်း လုယက်မှု၊ ခိုးမှုများ ကျူးလွန်ခဲ့ဖူးပြီး ရဲကအလိုရှိနေသူများ ဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - VoiceOfMyanmar