နေ့ခင်းကြောင်တောင် ခင်ပွန်းဟောင်းက ဇနီးကိုလည်လှီးသတ်ဖြတ်
28 Aug 2018 1,404 Views
သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ခင်ပွန်းဟောင်းက ဇနီးကို နေခင်းကြောင်တောင်အချိန်၌ လည်လှီးသတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည် ။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့တွင် တရားရုံး၌အလုပ်သင်ရှေ့နေအဖြစ် လုပ်ကိုင်နေသည့် သမီးမစုရည်ဖြိုး ၂၈ နှစ်အား နံနက် ၉ နာရီခန့်တွင် ဖခင်က ဆိုင်ကယ်ဖြင့်တင်ဆောင်ပြီး ပို့ဆောင်ပေးနေစဉ် အခင်းဖြစ်နေရာအရောက်၌ ဆိုင်ကယ်စီးနှင်လာသူတစ်ဦး ရုတ်တရက်ဖြတ်ဝင်လာသည့်အတွက် ဦးအောင်မောင်းက ရှောင်တိမ်းလိုက်ပြီး ဆိုင်ကယ်ကိုလမ်းဘေးတွင် ခဏရပ်တန့်လိုက်သည် ။ ယင်းကဲ့သို့ ရှောင်ပေးချိန်၌ ဆိုင်ကယ်သမားမှာ ဆင်းလာပြီး လွယ်အိတ်ထဲမှ အသင့်ပါလာသည့်ဓားဖြင့် သမီးဖြစ်သူ၏လည်ပင်းကို လှီးဖြတ်သွားခဲ့သည်ဟု သိရသည် ။
မစုရည်ဖြိုးမှာ လည်ပင်း ၆ လက်မခန့်ပြတ်ရှဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ထိုလူသတ်သမားမှာဆိုင်ကယ်မောင်းပြေးသွားခဲ့သည်ဟု သိရသည် ။ အခင်းဖြစ်နေရာ၌ရှိနေသော မျက်မြင်တစ်ဦးဖြစ်သူ ဦးအောင်မောင်းပြောပြချက်အရ လူသတ်တရားခံမှာ လွန်ခဲ့သည့်တစ်လကျော်က ပျော်ဘွယ်မြို့နယ်တရားရုံး၌ နှစ်ဦးသဘောတူတရားဝင်ကွာရှင်းထားသည့် သမီးစုရည်ဖြိုး၏ ခင်ပွန်းဟောင်းအောင်စိုး ၄၅ နှစ်ဖြစ်ကြောင်း သိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံကို လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားပြီး ထွက်ပြေးနေသည့် လူသတ်တရားခံအောင်စိုးကိုတွေ့ရှိပါက သက်ဆိုင်ရာကိုဆက်သွယ်အကြောင်းကြားပါရန် နေပြည်တော်ရဲတပ်ဖွဲ့က နိုးဆော်အသိပေးပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည် ။