တီဗွီဇာတ်လမ်းထဲကလို ကြိုးဆွဲချခန်းကို သရုပ်ဆောင်ပြရာမှ ကလေးငယ်တစ်ဦးသေဆုံး
27 Aug 2018 2,438 Views
ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် စတုတ္ထတန်းကျောင်းသားလေးတစ်ဦး တီဗီဇာတ်လမ်းတွင် ပါဝင်သော ကြိုးဆွဲချသေဆုံးခန်းအား ညီမဖြစ်သူအား ပြန်လည်သရုပ်ဆောင်ပြစဉ် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ အချိန်ခန့်တွင် ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် ကလေးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ကျောက်တန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ချောင်းဝကျေးရွာမှ သက်ဆိုင်ရာ တာဝန်ရှိလူကြီးများ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်လှလှဌေး၏ နေအိမ် အိမ်ရှေ့ခန်းတွင် မောင်ဝင်းဌေး (၁၀ နှစ်) စတုတ္ထတန်းကျောင်းသားလေးသည် နေအိမ်အမြင့် ၆ ပေခန့်ရှိသော ထုတ်တန်းမှ ကြမ်းပြင်နှင့် ဖနောင့်လွတ်ပြီး ခြေဖျားဖြင့် ထိမိရုံအနေအထားနှင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ခု ရရှိခြင်းမရှိပဲ သေဆုံးနေကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူနှင့် ညီမဖြစ်သူ အသက် ၅ နှစ်အရွယ် သူငယ်တန်းကလေးတို့ မိဘများအလုပ်ကိစ္စနှင့် အပြင်သွားခိုက် နေအိမ်တွင် နှစ်ဦးတည်းရှိနေချိန် တီဗီရုပ်သံဇာတ်လမ်းတွဲတွင် ပါရှိသော ကြိုးဆွဲချဇာတ်ဝင်ခန်းအား အစ်ကိုဖြစ်သူက ညီမဖြစ်သူအား ပြန်လည် သရုပ်ဆောင်ပြရာမှ မတော်တဆ ကြိုးဆွဲချမိပြီး သေဆုံးသလိုဖြစ်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြန်လည် ပြောကြားခဲ့သည်။
သေဆုံးသူ မောင်ဝင်းဌး၏ အလောင်းအား ရဲစာနဲ့အတူ ကျောက်တန်းဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးပြီး သေမှုသေခင်းအမှတ်စဉ် (၁၆/၂၀၁၈) ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - Myint Zaw