တောင်ကြီးတွင် ကြွေးရှင်အမျိုးသမီးက အကြွေးတောင်းရာမှ လူသတ်မှုဖြစ်ပွား
22 Aug 2018 1,433 Views
သြဂုတ်လ ၂၀ ရက်နေ့တွင် အကြွေးရှစ်သိန်းဝန်းကျင် ပေးရန်ရှိသည့် အမျိုးသားက အကြွေးရှင်ညီအစ်မနှစ်ဦးအား ဓားဖြင့်ထိုးရာ အစ်မဖြစ်သူသေဆုံးပြီး ညီမဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်၊နယ်မြေ(၁)နေ ညီအစ်မ(၂)ဦးက ညနေ(၇)နာရီခန့်မှာ တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးဆီ အကြွေးတောင်းရာကနေ စကားများရန်ဖြစ်ပြီး အဲဒီအမျိုးသားက သစ်သားရိုးတပ် အရိုးအသွား(၁၂)လက်မရှိ ဓားဦးချွန်နဲ့ ထိုးလိုက်တဲ့အတွက် ညီအမနှစ်ဦးမှာ ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး အမျိုးသားမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“အကြွေးက ၈ သိန်းလောက်ရှိတယ်လို့ ကြားတယ်။ အခင်းဖြစ်တဲ့နေရာကတော့ တရားခံဦးသိန်းဇော်လင်းရဲ့ နေအိမ်ရှေ့လမ်းထိပ်မှာဖြစ်တာပါ။ သူ့မိန်းမနဲ့အရင်စကားများရန်ဖြစ်ကြတာကနေ ဦးသိန်းဇော်လင်းက ၀င်တားတယ်လို့ သိရတယ်။ ပြီးတော့ သူနဲ့ပါရန်ထပ်ဖြစ်ပြီး ဒေါသအလျောက်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တာပါ။ အဲဒါကြောင့် တောင်ကြီးဆေးရုံကိုပို့ဆောင်ပေးထားပြီး ဒေါ်ရီရီသန့်ကသေဆုံးသွားပါတယ်။ ဒေါ်အေးအေးသန့်ကတော့ အခုထိဆေးကုနေရတုန်းပါပဲ” ရွှေညောင်နယ်မြေရဲစခန်းက တာဝန်ကျရဲအရာရှိ လှပြည့်ဝန်းက ပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သိန်းဇော်လင်း ၄၀ နှစ်အား (ပ) ၉၅/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည် ။