BEC-TERO TV

မလေးရှားသို့ မူးယစ်ဆေးသယ်ယူသူ ဆွမ်းခံရင်းငှက်သင့်လေသလား..?

16 Aug 2018     1,841 Views


သြဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်၏ ခရီးဆောင်အိတ်အတွင်း ကတ္တီပါဖိနပ်များထဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲအဖွဲ့မှ သတင်းထုတ်ပြန်ချက်သည်။

အဆိုပါ ထုတ်ပြန်ချက်၏ အောက်တွင် တရားခံများထဲတွင် ဆွမ်းခံရင်းငှက်သင့်သူများ ပါဝင်နိုင်ကြောင်း ဝင်ရောက်ဆွေးနွေးမှုများ ရှိနေခဲ့သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ -
၁၄.၈.၂၀၁၈ ရက်နေ့ ည ၂၂:၃၀ အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန် ထမ်းဆောင်နေသည့် မူးယစ်တပ်ဖွဲ့စု(၄၅)၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)နှင့် ပူးပေါင်း အဖွဲ့တို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဆောင် Terminal-1 Inline Reject X-Ray စက်တွင် စစ်ဆေးရေး တာဝန်ဆောင်ရွက်စဉ် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များ၏ ခရီးဆောင်အိတ်များအား စစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့၊ ခရမ်းခြံကျေးရွာနေ အောင်မျိုးမင်း(၃၀)နှစ်အမည်ပါ အိတ်အတွင်းမှ မသင်္ကာဖွယ် ပုံရိပ်တွေ့ရှိရ၍ မေးမြန်းရာ အိတ်ပိုင်ရှင်မှာ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းနေ ဒေါ်မြမြဝင်း (၅၂)နှစ်ဖြစ်ပြီး အဆိုပါအိတ် အား မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ အောင်ချမ်းသာ လမ်းနေ ဒေါ်ခင်မာလာ(ခ)မော်လီ(၄၁)နှစ်မှ လူကြုံယူသွားပေးရန်၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာဆောင် Terminal-1 သို့ လာရောက်ပေးသဖြင့် ယူဆောင်လာသည့် အိတ်ဖြစ်ကြောင်း ပြောပြသိရှိရ၍ ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးရာ အိတ်အတွင်း၌ ရောင်စုံ မိန်းမစီး ကတ္တီပါဖိနပ်(၄၀)ရံ ရှိသည့်အနက် ကတ္တီပါဖိနပ်(၁၁)ရံ (၂၂)ဖက်အတွင်း အံဝှက်ပြုလုပ်ပြီး အနက်ရောင် တိပ်ပတ်ထားသည့် အထုပ်ငယ်(၆၆)ထုပ်အတွင်း၌ အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားစီပါ(၆၆)ထုပ်၊ စုစုပေါင်းဆေးပြား (၁၃၂၀၀)ပြားအား
သိမ်းဆည်းရမိခဲ့ပါသည်။


ယင်းသို့ မူးယစ်ဆေးဝါးများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ပို့ဆောင် မည့်သူများဖြစ်သည့် အောင်မျိုးမင်း၊ ဒေါ်မြမြဝင်းနှင့် ဒေါ်ခင်မာလာ(ခ)မော်နီတို့(၃)ဦးအား မင်္ဂလာဒုံ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းစာမျက်နှာ၏ အောက်တွင် မူးယစ်ဆေးဝါး သယ်ယူမှုဖြင့် ဖမ်းဆီးခံထားရသော အောင်မျိုးမင်း ဆိုသူမှာ မလေးရှားနိုင်ငံသို့ အလုပ်အကိုင်အေဂျင်စီနဲ့ ချိပ်ဆက်ကာ ပထမဦးဆုံးအကြိမ် အလုပ်သွားရောက်လုပ်ကိုင်မည့် ရိုးသားသော တောသူတောင်သား ဖြစ်ကြောင်း၊ အကူအညီပေးလိုစိတ် (သို့) အေဂျင်စီက စီစဉ်ပေးသည့်အတိုင်း မသိနားမလည်စွာဖြင့် ယူသွားမိရာမှ ဆွမ်းခံရင်းငှက်သင့် သလို ဖြစ်ရသူ ဖြစ်ကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့ အမှန်တစ်ကယ်အပြစ်ရှိသူများကို မှန်မှန်ကန်ကန် စုံစမ်းအရေးယူပေးကြရန် တိုက်တွန်းထားသည်။

ဒေါ်ခင်မာလာ(ခ)ဒေါ်မော်နီ နှင့် တွေ့ကြုံခဲ့ဖူးသူများကလည်း အဆိုပါအမျိုးသမီးမှာ လေဆိပ်တွင် ကယ်ရီသယ်ပေးရန် မကြာခဏလာရောက် စေ့စပ်ညှိနှိုင်းသူဖြစ်ကြောင်း ကွန်မန့်များ ဝင်ရောက်ရေးသားခဲ့ကြသည်။

မြန်မာလူမျိုးတို့၏ ကူညီလိုစိတ်ကို ဝိသမလောဘသားများက အခွင့်ကောင်းယူ ငွေနဲ့မက်လုံးပေးကာ လေဆိပ်များတွင် ကီလိုပိုနေလို့ ဒါလေးကူညီသယ်ပေးပါ၊ ဟိုဟာလေးတော့ ပေါင်းချိန်ပေးပါ စသည်ဖြင့် သူ့ပြဿနာ ကိုယ့်ပြဿနာဖြစ်အောင် လုပ်ဆောင်တတ်ကြပါသဖြင့် ခရီးသွားများအားလုံး သတိရှိဖို့ တိုက်တွန်းပါရစေ..။

 


16 Aug 2018     1,841 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS