တရားလွှတ်တော်ရှေ့နေ တစ်ဦးအား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
15 Aug 2018 1,329 Views
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး အား အမှုသည်ထံမှ ငွေကြေး၊ ပစ္စည်းလက်ဆောင်များ တောင်းယူကာ အမှုပြီးဆုံးအောင် ဆောင်ရွက်ခြင်း မရှိသည့်အပေါ် တိုင်ကြားမှုအရ စစ်ဆေးမှုများပြုလုပ်ရာ အဂတိလိုက်စားထားကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ ရောက်ရှိလာသော တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ဆရာစံလမ်းသွယ်(၈)နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး (စဉ်-၁၁၀၉၀) သည် လက်ပံတန်းမြို့နယ်တရားရုံး၏ ဇာရီမှုအမှတ် ၂၀/၂၀၁၆၊ ၂၁/၂၀၁၆ အမှုများနှင့်စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံး၌ အမှုလိုက်ပါ ဆောင်ရွက်သည့်တာဝန်ကို ဆောင်ရွက်ရာတွင် အမှုအောင်မြင်စေရေး အတွက် အကြောင်းပြကာ အမှုသည်ထံမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၆-၆-၂၀၁၈ ရက်နေ့အတွင်း ငွေကျပ် ၁၂၉၀ဝဝဝိ/- (ကျပ် တစ်ဆယ့် နှစ်သိန်း ကိုးသောင်း တိတိ) နှင့်လက်ဆောင်ပစ္စည်းများ တောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်အေး(စဉ်-၁၁၀၉၀) အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းတွင် ၁၄-၈-၂၀၁၈ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC Myanmar) က သတင်းထုတ်ပြန်ထားသည်။