လူငယ်နှစ်ဦးက ရည်းစားပြိုင်မည့်ကိစ္စမှ စကားများပြီး ဓားထိုးမှုဖြစ်ပွား
06 Aug 2018 1,370 Views
သြဂုတ်လ ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဆယ်ကျော်သက်လူငယ် ၂ ဦးအရက်အတူသောက်ရင်း ရွာထဲကကောင်းမလေးကို ရည်းစားပြိုင်လိုက်မည့်ကိစ္စနှင့် ပတ်သက်ပြီး စကားများရာမှ ဓားဖြင့်ထိုးရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ်၊ နံဇလေးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် သူငယ်ချင်း၂ ဦးသည် အရက်အတူတူ သောက်စားရင်း ရွာထဲကကောင်မလေးတစ်ယောက်ကို စကားလိုက်ပြောဖို့အတွက် သူပြောမယ်၊ ငါပြောမယ်ဆိုပြီးစကားများရာကနေ အရက်ကလည်းသောက်ထားကြတဲ့အတွက် ဓားထိုးလူသတ်မှု ဖြစ်ပွားသွားရတာပါဟု သိရသည် ။
စစ်ဆေးချက်အရ သေဆုံးသူမှာ ရှိန်းနေမင်းထက်(၂၀)နှစ်ဟုသိရပြီး ရင်အုံနှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာများနှင့် သေဆုံးနေသဖြင့် မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ ပြစ်မှုကျူးလွန်သူကိုစုံစမ်းရှာဖွေခဲ့ရာမှ ဇရပ်ခင်ရွာဟောင်းတွင်နေထိုင်သူ သေဆုံးသူ၏ သူငယ်ချင်း စောချို၊ ၂၀ နှစ်ဖြစ်ကြောင်း သိရှိခဲ့ရာမှတစ်ဆင့် ချက်ချင်းသွားရောက်ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ စောချို ၂၀ နှစ်ကို ရဲစခန်းမှ (ပ)- ၃၇၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ပြီး တရားစွဲတင်နိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။