လာဘ်စားတဲ့ လဝက ဦးစီးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ
03 Aug 2018 1,338 Views
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လဝက ဦးစီးမှူးတစ်ဦးအား လုပ်ပိုင်ခွင့်အလွဲသုံးစားပြုကာ လာဘ်စားခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်လဝကဦးစီးမှုး ဦးဇော်မိုး ၅၃နှစ်(ဘ)ဦးစောလှအောင်သည် တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး လာဘ်ငွေတွေရယူခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးမောင်မောင်တင်က တရားလိုပြုလုပ် တိုင်တန်းခဲ့သည့်အတွက် ဩဂုတ်လ(၁)ရက်နေ့က မိုးညိုမြို့မရဲစခန်းက ဦးဇော်မိုးကို(ပ)၂၈၅/၂၀၁၈၊(ပ)၂၈၆/၂၀၁၈၊နဲ့(ပ)၂၈၇/၂၀၁၈၊ ၂၀၁၃ ခုနှစ်၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆အရ (ပုဒ်မ ၃ခုနဲ့)အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
တိုင်တန်းချက်အရ ပဲခူးတိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့က စစ်ဆေးခဲ့ရာ ဦးဇော်မိုးဟာ ပြီးခဲ့တဲ့ ၁၈.၁၀.၂၀၁၆ ရက်နေ့က နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခဲ့ရာမှာ မိုးညိုမြို့နယ်၊ မဒေါ့ကုန်းကျေးရွာနေ ဦးစိမ်းညိုလင်း ထံက ငွေ ၆၀၀၀ကျပ်၊ ၂၆.၆.၂၀၁၇ ရက်နေ့က ဦးဖြိုးသူရကျော်နဲ့ ပိတောက်ကုန်းကျေးရွာနေ ဦးအောင်ကျော်ဝေ တို့ထံက ငွေ ၄၉၀၀၀ကျပ်တန် အရက်ပုလင်းတစ်လုံး၊ ၅.၁၂.၂၀၁၇ ရက်နေ့က ဒေါ်စန်းစန်းမိုး(ခ)မိုးမိုး ထံကငွေ ၃၀၀၀၀ကျပ်၊ ၂၇.၃.၂၀၁၈ ရက်နေ့က ကြို့ကုန်းကျေးရွာနေ ဦးတင်လင်းထိုက် ထံက ငွေ ၁၅၀၀၀ကျပ်၊ ၁၈.၃.၂၀၁၈ ရက်နေက ဦးစိမ်းညိုလင်း ထံက ဒုတိယအကြိမ် ငွေ၅၀၀၀ကျပ်၊ ၁၈.၁၀.၂၀၁၆ ရက်နေ့က ငွေ ၆၀၀၀၀ကျပ် ကို(လာဘ်ငွေအတွက်ပါ) တောင်းယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
သတင်းရင်းမြစ် - ဧရာ(ပဲခူး)