BEC-TERO TV

မိဘနှစ်ပါးအဆုံးစီရင်မှုမှ ကျန်ရစ်ခဲ့သည့် ကလေး ၆ ဦးစလုံးကို အစိုးရက အပြည့်အဝတာဝန်ယူပေးလိုကြောင်း သွားရောက်ကမ်းလှမ်း

02 Aug 2018     1,383 Views


လပွတ္တာမြို့တွင် အရွယ်မရောက်သေးသောကလေး ၆ ဦးကို ထားခဲ့ပြီး လင်မယား ၂ ဦးစလုံးတစ်ပြိုင်နက် ကြိုးဆွဲချသတ်သေခဲ့သည့်ဖြစ်စဉ်မှ ကျန်ရစ်ခဲ့သော ကလေးငယ် ၆ ဦးစလုံးကို အစိုးရက အပြည့်အဝတာဝန်ယူပေးလိုကြောင်း သြဂုတ်လ ၁ ရက်နေ့က သွားရောက်ကမ်းလှမ်းခဲ့သည်ဟု လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် က ပြောသည်။

"တိုင်းအစိုးရ ရဲ့ လမ်းညွှန်မှုအရသွားရောက်ကမ်းလှမ်းတာပါ" ဟု ၎င်းက ပြောသည်။
အပြည့်အဝတာဝန်ယူပေးမည်ဆိုသည်က နာဂစ်အပြီး လပွတ္တာမြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရပိုင် လူငယ့်အားမာန် သင်တန်းကျောင်းတွင် နေ/စား(စားရိတ်ငြိမ်း) ပညာသင်ပေးသွားမည့်အပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပါက ပြည်ထောင်စုလူငယ်များ စွမ်းအင်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်(စစ်ကိုင်း) တွင် ဆက်လက် ပညာသင်ပေးသွားမည့်အစီအစဉ်တို့ဖြစ်သည်။


အကယ်၍ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပါကလည်း အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ရပ်ကို သင်ကြားပေးပြီး ပြင်ပတွင် လုပ်ကိုင်စားသောက်နိုင်အောင် စီစဉ်ပေးမည့် အစီအစဉ်လည်း ပါဝင်သည်ဟု သိရသည်။
သွားရောက်ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာတွင် ကျန်ရစ်ကလေးငယ်များအား ငွေကြေးနှင့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။


"ကလေးတွေရဲ့ဆန္ဒ၊ သေဆုံးသွားတဲ့သူတွေရဲ့ မိဘဆွေမျိုးတွေရဲ့ ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်ပေးသွားမှာပါ" ဟု ၎င်းကဆက်ပြောသည်။
လူငယ့်အားမာန်သင်တန်းကျောင်းမှနေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ တက္ကသိုလ်ဆက်လက်တက်ရောက်နေကြသည့် လူငယ်လူရွယ်များ ရှိနေသည့်အပြင် အစိုးရဌာနများ၌ တာဝန်ထမ်းဆောင်နေသူများပင် ရှိနေကြသည်။

ကလေးငယ် ၆ ဦးလက်ရှိနေထိုင်လျက်ရှိသည့်နေအိမ်

ယခုကျန်ခဲ့သည့် ကလေးငယ် ၆ ဦး၏ မိခင်နှင့်ဖခင်တို့မှာ ဇူလိုင် ၂၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သိုင်းကုန်းကျေးရွာ ရွာတောင်ပိုင်းလယ်ကွင်းထဲရှိ နေအိမ်အတွင်းမှာပင် တစ်ပြိုင်နက် အတူတကွ ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။
၎င်း တို့သတ်သေသွားမှုအပေါ် ရဲတပ်ဖွဲ့က "ဆင်းရဲကြပ်တည်းမှုကြောင့်" ဟု ကောက်ချက်ချထားသည်။

 

ဆက်စပ်သတင်း >> လူမမည်ကလေး ၆ ဦးကို ထားရစ်ကာ မိဘနှစ်ပါးကြိုးဆွဲချသေဆုံး

သတင်း − PN
 


02 Aug 2018     1,383 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS