အောင်ရဲထွေးအမှုတွင် ဖမ်းဆီးခံထားရသူ ၃ ဦး ပြန်လည်လွတ်မြောက်
26 Jul 2018 1,400 Views
လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တွင် ဟာသဗီဒီယိုဖိုင်များ ရိုက်ကူးတင်ဆက်ရင်း လူသိများခဲ့သော Social media Influencer တစ်ဦးဖြစ်သူ “အောင်ရဲထွေး” ရိုက်နှက်ခံရကာ သေဆုံခဲ့ရသော အမှုနှင့်ပက်သက်ပြီး ဖမ်းဆီထားသူ အမျိုးသား ၃ ဦးကို အမှုမှပြန်လည်လွှတ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
သရုပ်ဆောင်အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ ည ၁၂ နာရီခန့်တွင် The One Entertainment သို့ ရောက်ရှိခဲ့ပြီးနောက် လူတစ်စု၏ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကျောက်ခံခဲ့ရကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေစဉ် ရရှိခဲ့သည့် ဦးခေါင်းမှ ဒဏ်ရာများကြောင့် ဇန်နဝါရီ ၂ ရက်၊ မွန်းလွဲပိုင်းတွင် သေဆုံးခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး အသက် (၂၆)နှစ်အရွယ်သန်းထွဋ်အောင်(ခ)သားကြီးကို ၎င်း၏ ဖခင်က ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သောအသက်(၂၆)နှစ်အရွယ် ပြည့်ဖြိုးအောင်(ခ)အောင်လေးကို ၎င်းမိခင်က ဇန်နဝါရီ ၃ ရက် ည ၈ နာရီခွဲချိန်တွင်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ကျော်ဇော်ဟန်(ခ)ကျော်ဇောကို ယင်း၏ မိဘများက ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲချိန်တွင်လည်းကောင်း ရဲစခန်းသို့ အသီးသီးလာရောက်အပ်နှံခဲ့သည်။
ထို့နောက် အမှုဖြင့် ဖမ်းဆီးထားသည့် သန်းထွဋ်အောင် ပါ သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားရုံးအမှုအမှတ် ၃၄/၂၀၁၈ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ကြားနာစစ်ဆေးခဲ့ကာ ဇူလိုင် ၂၅ ရက်က ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ဇူလိုင် ၆ ရက် နေ့စွဲဖြင့် ပေးပို့လာသည့် စာအရ အမှုအား ရုပ်သိမ်းခွင့်ပြုကြောင်း ပြန်ကြားလာချက်အရ အမှုစစ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ အမှုအားရုပ်သိမ်းခွင့်ပြုပြီး ဖမ်းဆီးတရားစွဲဆိုထားသူသုံးဦးကို အမှုမှ ပြန်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သတင်း − MyanmarTimes