စောင်နှစ်ထည် အကြွေးနဲ့ဝယ်မိရာက အိမ်နဲ့ခြံပါ သိမ်းယူခံရမှုဖြစ်ပွား
16 Jul 2018 1,308 Views
ပဲခူးတိုင်းဒေသကြီး အနာက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်တွင် စောင်နှစ်ထည်ကို ကျပ်ငွေ နှစ်သောင်း(၂၀,၀၀၀) နဲ့ ငွေတိုးချေးစားသူတစ်ဦးထံမှ ဝယ်ယူခဲ့ရာမှ အိမ်နဲ့ခြံကိုပါ သိမ်းယူမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သမီးဖြစ်သူက စောင်နှစ်ထည်ကို နှစ်သောင်းကျပ်နဲ့ အကြွေးဝယ်ယူခဲ့သည်။ ထို့နောက် ငွေတိုးချေးစား အကြွေးရောင်းသူက အိမ်သို့ရောက်လာပြီး မိခင်ဖြစ်သူအား လက်မှတ်ထိုးခိုင်းခဲ့သည်။ မိခင်ဖြစ်သူက လက်မှတ်မထိုးတတ်၍ လက်ဗွေနှိပ်ပေးခဲ့သည်။ သမီးဖြစ်သူက အကြွေး နှစ်သောင်ကို သွားပြန်ဆပ်ခဲ့သော်လည်း အကြွေးရှင်က ပြန်မယူပဲ တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုခံရချိန်တွင် သမီးဖြစ်သူမှာ ကလေးမီးဖွားနေချိန်ဖြစ်ပြီး တရားစွဲဆိုကြောင်း သိသွားသည့်အခါ သွေးတက်ပြီးနောက် ကလေးရော မိခင်ပါ ဆုံးပါးသွားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်အမာကြည်က ပြောကြားသည်။ ထိုနောက် အကြွေးရှင်ဖြစ်သူက တရားရုံးမှာ အမှုနိုင်သည်ဟု ဆိုကာ ရဲများနဲ့တစ်ကွ ရောက်လာပြီး အိမ်နှင့်ခြံကို သိမ်းယူရန်ရောက်လာခဲ့သည်။ ယခုလ ၂၃ ရက်နေ့ နောက်ဆုံးထားကာ အိမ်ပေါ်မှ ဆင်းပေးရမည်ဖြစ်ကြောင်း မဆင်းပါက ရဲများနှင့် ဆွဲချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်နဲ့ ပက်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက “ကျနော့် ရပ်ကွက်မှာဖြစ်တာပါ။ ငွေချေးတာက ၂ဝဝဝဝ ကျပ် ကို ပထမတခါ ရာအိမ်မှူးနဲ့ စာချူပ်ချူပ်တယ်။ နောက်ငွေတိုးချေးတဲ့သူက ရှေ့နေခေါ်လာပြီးစာရွက် အဖြူပေါ်မှာ လက်မှတ်ထိုး ယူသွားတယ်လို့ သိရတယ်။ နောက်ပိုင်းတရားရုံးမှာ အမှုဖြစ်ပြီး တရားရုံးက အနိုင်ပေးလိုက်လို့ အခုဖယ်ပေးရမယ် ပြောတော့ ဒါကမတရားမူတခုပါ။ ဒါနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ပြီး ကူညီပေးသွားမယ်။ တရားရုံးမှာ ဘယ်လိုပုံစံနဲ့ စွဲချက်တင်တရားစွဲဆိုတာလည်း သိအောင်လို့ အမှုတွဲကူးတာတွေ လုပ်ဆောင်နေပါတယ်။ လိုအပ်ရင် အဂတိတိုက်ဖျက်ရေးအထိ တိုင်ကြားသွားမယ်။ အတိုးကြီးကြီးတွေနဲ့ ရပ်ကွက်ထဲတရားမဝင် ငွေတိုးချေးစားသူတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိတဲ့အတွက် လွတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်"လို့ပြောဆိုခဲ့သည်။
သဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက "စောင်နှစ်ထည် ဝယ်ရာကနေ အတိုးပေါ် အတိုးထပ်ပြီး ၅ သိန်းအထိဖြစ်သွားတယ်။ အဲဒါကို တရားရုံးမှာတရားစွဲတယ်။ တရားရုံးက အဖွဲ့တွေနဲ့ ရဲတွေရောက်လာပြီး အဒေါ်ကြီးကိုဖယ်ခိုင်းတော့ ကျနော်တို့ အုပ်ချူပ်ရေးအဖွဲ့တွေ သွားပြီး ဒေါ်အိအိခိုင်ကိုပြောပါတယ်။ ကျနော်တို့ရပ်ကွက်က စုပြီး ငွေ ၅ သိန်း ပေးပါမယ်ပြောတော့ သူက ၁ဝ သိန်း ရမှလို့ပြောတယ်။ ဒါနဲ့ကျနော်တို့ပြန်လာပြီး မြို့ပေါ်က ပရဟိတအဖွဲ့တွေကို အလှူခံပြီး မနေ့က သွားပြောတော့ သူကမယူဘူး။ တရားနိုင်ထားတဲ့အတွက် အိမ်နဲ့ခြံကို သိမ်းမယ်လို့ပြောတယ်" လို့ဆိုပါတယ်။
လက်ရှိအခြေအနေတွင် ဒေါ်အမာကြည်ဟာ သမီးဖြစ်သူ သေဆုံးသွားတာကြောင့် မြေး ၃ ယောက်နဲ့ အတူလုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပြီး တရားရုံးက အမှုအနိုင်ပေးလိုက်တဲ့အတွက် နေအိမ်ခြံဝန်းအတွင်းက ဖယ်ရှားခံရတဲ့ အခြေအနေကို ရောက်ရှိနေတဲ့အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူတွေများကလည်း မကျေမနပ်ဖြစ်ကာ ဆန္ဒထုက်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref: DVB