BEC-TERO TV

အစိုးရ၏တောင်းဆိုချက်ကြောင့် အချို့အချက်လက်များ Facebook ပိတ်ပင်

06 Jul 2018     1,344 Views


မြန်မာနိုင်ငံတွင် Facebook အကောင့်များ၊ အကြောင်းအရာပိုစ့်များ ဖယ်ရှားခံနေရခြင်းနဲ့ ပက်သက်၍ အစိုးရ၏တောင်းဆိုချက်ကြောင့် အကြောင်းအရာအနည်းငယ်ကို ပိတ်ပင်မှုများရှိကြောင်း Facebook မှ ပြောကြားခဲ့သည်။

အကောင့်များကို ဖယ်ရှားကိုင်တွယ်နေခြင်းများနဲ့ ပက်သက်ပြီး ဘက်လိုက်မှုရှိကြောင်း စွပ်စွဲချက်များအပေါ် Facebook က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
Facebook ၏ပေါ်လစီအရ အမုန်းစကားများ ပြောဆိုရေးသားခြင်းပေါ် ၎င်းတို့၏ သဘောထားမှာ ခိုင်မာသော်လည်း ကိုင်တွယ်အရေးယူရာတွင် ကြီးမားသော စိန်ခေါ်မှုများလည်းရှိနေကြောင်း ပြောဆိုခဲ့သည်။

အမုန်းစကားအပေါ် အဓိပ္ပာယ် ဖွင့်ဆိုကြရာတွင် ကွဲပြားမှုများရှိနေပြီး အဆိုပါ ကွဲပြားမှုကိုသိရှိနိုင်ရန် လိုအပ်သော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် သက်ဆိုင်သော အကျိုးအကြောင်းအပြင် မသိမသာ ကွဲပြားခြားနားချက်များဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်မတို့ အနေနဲ့ အစိုးရအရာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် အားလုံးသော ပြည်သူ့ပြယုဂ်တွေကို ဝေဖန် ခွင့်ပြုထားပါတယ်။ ဒီလိုမျိုးပြည်သူ့ပြယုဂ်တွေကို ဝေဖန်မေးမြန်းမှုတွေဟာ အမုန်းစကား၊ စော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှု အဆင့်ကို ရောက်မလာသရွေ့ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ဘာသာတစ်ခုခုကို ယုံကြည်သက်ဝင်သူများကို တိုက်ခိုက်တာမျိုးကို ခွင့်မပြုပေမဲ့ ဘာသာရေးကို ဝေဖန်ဆန်းစစ်တာ ဒါမှမဟုတ် အဲဒီဘာသာနဲ့ပတ်သက်တဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေကို ခွင့်ပြုပေးထားပါတယ်။
ဒါကလည်း အရေးကြီးတဲ့ အကြောင်းအရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်တဲ့ လူတိုင်းရဲ့ အခွင့်အရေးကို ထိန်းသိမ်းတာဖြစ်သလို အဲဒီလိုဆွေးနွေးရာမှာ လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုကို တိုက်ခိုက်တဲ့ အဆင့်ကို မရောက်သွားအောင်လည်း သေသေချာချာ လုပ်ဆောင်နေကြပါတယ်” ဟု Facebook မှ တာဝန်ရှိသူက ပြောကြားသည်။

“Facebook ပေါ်မှာရှိနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေ အားလုံးအပေါ် ညီတူညီမျှပဲ ကိုင်တွယ်ပါတယ်။ ဘယ်ကလာတယ်၊ ဘယ်သူပို့တယ်ဆိုတာတွေကို မကြည့်ဘဲ အစိုးရပဲဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခု၊ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုပဲ ဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ လူမှုကွန်ရက်စံနှုန်းနဲ့ ညီ မညီဆိုတာကို တိုင်ကြားချက်တိုင်းပြန်လည် ဆန်းစစ်ပါတယ်။

တကယ်လို့ အကြောင်းအရာ တစ်စုံတစ်ခုကို ဘယ်သူကပဲတင်တာဖြစ်ဖြစ်၊ တစ်ကြိမ်တည်းပဲ တိုင်ကြားတာဖြစ်ဖြစ်၊ အကြိမ်ပေါင်းများစွာ တိုင်ကြားတာဖြစ်ဖြစ် မူဝါဒတွေကို ချိုးဖောက်နေတာမျိုးဖြစ်မယ်ဆိုရင် ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ အစိုးရဘက်က သုံးစွဲသူအချက်အလက် တောင်းခံတာမျိုးဖြစ်စေ၊ မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားပစ်ဖို့ တောင်းဆိုတာပဲဖြစ်ဖြစ် တောင်းဆိုမှုအားလုံးနဲ့ ပတ်သက်ပြီး ပွင့်လင်းမှုရှိပါတယ်။ တကယ်လို့ အကြောင်းအရာတစ်ခုဟာ ကျွန်မတို့ရဲ့မူဝါဒတွေကို မချိုးဖောက်ရင်တောင် ခိုင်မာတဲ့ ဆန်းစစ်မှုအပြီးမှာ အဲဒါဟာ ပြည်တွင်းဥပဒေကို တကယ်ချိုးဖောက်နေတာ ဖြစ်မယ်ဆိုရင် အဲဒီအကြောင်းအရာကို မြန်မာတစ်နိုင်ငံတည်းမှာပဲ ကြည့်ရှုအသုံးပြုခွင့် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အစိုးရ တောင်းဆိုချက်ကြောင့် ပိတ်ပင်ထားတဲ့ အကြောင်းအရာ အနည်းငယ်သာရှိပြီး ဒီအကြောင်းကိုလည်း အများပြည်သူအနေနဲ့ ဖတ်လို့ရအောင် ထုတ်ပြန်ပေးထားတဲ့ ကျွန်မတို့ရဲ့ ပွင့်လင်းမြင်သာမှု အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်” ဟု Facebook ၏ Content Policy မှ Sheen Handoo က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Facebook ၏ သဘောထားကို ပြောကြားခဲ့သည်။

သတင်းရင်းမြစ်: ElevenMediaGroup


06 Jul 2018     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS