ခြံအတွင်းမြက်ရှင်းရာမှ ရှေးဟောင်းဒင်္ဂါးပြား အမြောက်အများတွေ့ရှိ
05 Jul 2018 2,588 Views
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စမ်းဘုတ်ကျေးရွာအုပ်စု၊ စမ်းဘုတ် ကျေးရွာတွင် ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီက နေအိမ်ခြံဝန်းအတွင်း မြက်ရှင်းရာမှ မြေကြီးအတွင်း ငွေဒင်္ဂါးပြား အပြား(၃၈၀)ကို တွေ့ရှိခဲ့ကြောင်းသိရှိရသည်။
သတင်းအရ စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ စစ်ကွင်းနယ်မြေစခန်းမှူး ရဲအုပ်ခင်မောင်နိုင်၊ ကံကော်ပင်နယ်မြေရဲကင်းမှူး ဒုရဲအုပ်ဝေသူနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ စမ်းဘုတ်ကျေးရွာနေ ဦးဝင်းဦးသည် နေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဖက်၌ မြက်ရှင်းရာတွင် အိန္ဒိယနိုင်ငံသုံး ငွေဒင်္ဂါးပြား(၃၈၀) ထည့်ထားသော စဉ့်အိုးငယ်တစ်လုံးအား မြေကြီးအတွင်းမှ တူးဖော်ရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် တာဝန်ရှိသူများအား သတင်းပို့ခဲ့ကြောင်း သိရသည်။
အဆိုပါငွေဒင်္ဂါးပြားများအား စစ်ဆေးရာ ၁၈၄၀ ခုနှစ် ၇၁ ပြား၊ ၁၈၆၂ ခုနှစ် ၈၅ ပြား၊ ၁၈၇၄ ခုနှစ် ၁ ပြား ၊ ၁၈၇၅ ခုနှစ် ၂ ပြား၊ ၁၈၇၆ ခုနှစ် ၄ ပြား၊ ၁၈၇၇ ခုနှစ် ၁၃ ပြား၊ ၁၈၇၈ ခုနှစ် ၁၂ ပြား၊ ၁၈၇၉ ခုနှစ် ၅ ပြား၊ ၁၈၈၀ ခုနှစ် ၅ပြား၊ ၁၈၈၂ ခုနှစ် ၁၄ ပြား၊ ၁၈၈၃ ခုနှစ် ၂ ပြား၊ ၁၈၈၄ ခုနှစ် ၈ ပြား၊ ၁၈၈၅ ခုနှစ် ၁၁ ပြား၊ ၁၈၈၆ ခုနှစ် ၁၀ ပြား၊ ၁၈၈၇ ခုနှစ် ၁၈ ပြား၊ ၁၈၈၈ ခုနှစ် ၄ ပြား၊ ၁၈၈၉ ခုနှစ် ၁၃ ပြား၊ ၁၈၉၀ ခုနှစ် ၄၇ ပြား၊ ၁၈၉၁ ခုနှစ် ၁၃ ပြား၊ ၁၈၉၂ ခုနှစ် ၂၈ ပြား၊ ၁၈၉၃ ခုနှစ် ၅ ပြား စုစုပေါင်း (၃၈၀)ပြားဖြစ်ကြောင်း၊ ငွေဒင်္ဂါးပြားများနှင့်ပတ်သတ်၍ စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူးက ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးနီလာ ထံ ဆက်သွယ်အကြောင်းကြားထားပြီး၊ ငွေဒင်္ဂါးပြားများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် ခေတ္တ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
သတင်း - ပေါက်စ (မင်းလှ)