ဇိမ်ခံဟိုတယ်ကြီးကနေ ပင်လယ်ထဲ ၂၁ နာရီကကြာ မျောပါသွားခဲ့သူ
02 Jul 2018 1,325 Views
အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ မိသားစုနဲ့အတူ ဂရိနိုင်ငံသို့ အားလပ်ရက်အပမ်းဖြေခရီးထွက်ခဲ့ရာမှ ပင်လယ်ထဲသို့ လူမသိသူမသိ မျောပါခဲ့ပါတယ်။ ကမ်းခြေစောင့် အသက်ကယ်အဖွဲ့က ပင်လယ်ထဲ နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့တော့ပါဘူး။
ဒါပေမယ့် သေကံမရောက်သေးတဲ့ ကံကြမ္မာကြောင့် ၂၁ နာရီ ပင်လယ်ထဲမျောနေခဲ့ရာမှ ကမ်းခြေစောင့် လေယာဉ်တစ်စီးက မထင်မှတ်ပဲ တွေ့ရှိခဲ့တာမို့ အသက်ချမ်းသာရာရခဲ့ပါတယ်။
နိုင်ငံထဲသို့ ခိုးဝင်သူများကို စောင့်ကြည့်တဲ့ ကင်းလှည့်လေယာဉ်တစ်စီးဟာ ပင်လယ်ပြင်ကို စောင့်ကြည့်ပျံဝဲနေရင်း ကမ်းခြေနဲ့ ၇ မိုင်အကွာ ပင်လယ်ရေပြင်ပေါ်တွင် လေထိုးမွေ့ယာတစ်လုံးပေါ်မှာ မျောပါနေသော လူတစ်ယောက်ကို တွေ့ခဲ့ပြီးနောက် ကမ်းခြေစောင့် ရဲအဖွဲ့ကိုအကြောင်းကြားခဲ့ရာမှ အမျိုးသမီးကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။
နာရီပေါင်း ၂၀ ကျော် တစ်ညလုံး ပင်လ်ာထဲမျောပါခဲ့ပြီးနောက် အသက်ရှင်ခဲ့သော်လည်း နေလောင်ဒဏ်များ ဆိုးရွားစွာခံထားရကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ Olga Kuldo ဆိုသူ အသက် ၅၅ နှစ်အရွယ် ရုရှားအမျိုးသမီးကြီးတစ်ဦးက သူမရဲ့ခင်ပွန်း Oleg ၅၉ နှစ်၊ သမီးဖြစ်သူ Yulia ၂၈ နှစ်တို့နဲ့အတူ ဂရိနိုင်ငံရဲ့ အပမ်းဖြေကျွန်းတစ်ကျွန်းဖြစ်တဲ့ Crete ကို လာရောက် အပမ်းဖြေရင်း ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ တည်းခိုခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်းမှာ ကမ်းခြေကို ရေကူးဖို့ သွားခဲ့ပြီးနောက် ပြန်ရောက်မလာတဲ့အတွက် မိသားစုတွေက လူပျောက်တိုင်ကြားခဲ့ပါတယ်။ ကမ်းခြေလုံခြုံရေးများက ရေပေါ်ဆိုင်ကယ်များနဲ့ လိုက်လံရှာဖွေခဲ့ပေမယ့် ရှာလို့မတွေ့ခဲပါဘူး။
နောက်ထပ် ၂၁ နာရီကြာတဲ့အခါ ကမ်းခြေစောင့် ရေယာဉ်နဲ့အတူ အသက်ရှင်လျှက်ပြန်လည် ရောက်ရှိလာတဲ့အတွက် မိသားစုများက အံ့သြဝမ်းသာခဲ့ကြရသည်။ သမီးဖြစ်သူ Yulia တီဗီအစီစဉ်ထုတ်လုပ်သူက ဒီအကြောင်းကို သူမရဲ့ လူမှုကွန်ယက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။
အမျိုးသမီးကြီးက လေထိုးမွေ့ယာပေါ်မှာ နေပူစာလှုံရင်း အင်အားကြီးတဲ့ ပင်လယ်လှိုင်းကြောင့် ကမ်းနဲ့ဝေးရာကို တစ်ဖြည်းဖြည်းမျောပါသွားခဲ့ပြီး ကမ်းခြေကို ရေပြန်ကူးလာဖို့လည်း မဖြစ်နိုင်တော့ကြောင်း ဆိုပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေက အမျိုးသမီးကြီးဟာ အလွန်ပဲကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။