မြန်မာအလုပ်သမားများထံမှ လိမ်လည်ငွေကြေးတောင်းယူသော ပွဲစားအားဖမ်းဆီး
11 Jun 2018 1,406 Views
ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် လုပ်ကိုင်ရမည်ဟု ဆိုကာ မြန်မာအေဂျင်စီ မသိအောင် အလုပ်သမားများထံမှ ငွေကြေးပိုမိုကောက်ခံခဲ့သည့်အပြင် ထိုင်းနိုင်ငံ ဘက်ခြမ်းတွင်လည်း ဘတ် ၆၀၀၀ ထပ်မံဖြတ်တောက်ခဲ့သော ထိုင်းနိုင်ငံတွင်နေထိုင်သူ ထိုင်းလိုင်စင်ရအေးဂျင့်၏စကားပြန် ကိုထွန်း(ခေါ်) နှုတ်ခမ်းမွှေးထွန်း(ခေါ်) ဒမန်းထွန်း(ခေါ်) မင်းထွန်းအောင် ၁၀/မဒန(နိုင်)၁၀၉၃၇၅ အား ၇.၆.၂၀၁၈ နေ့က လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်ပွားပုံမှာ စတားပိုင်အိုနီးယား ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ အေဂျင်စီတို့ သည် ၂.၁.၂၀၁၈ နေ့တွင် ထိုင်းနိုင်ငံ SMP Wood သစ်အချောထည်လုပ်ငန်းသို့ ပို့ဆောင်ရန်ရန်ကုန်မြို့ပင်လုံခန်းမ၌ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်ဆိုခဲ့ပါသည်။
၁.၁.၂၀၁၈ ရက်နေ့တွင် အလုပ်သမား ၉၇ ဦးအား ထိုင်းနိုင်ငံ နခုံစီထံမရပ်မြို့ရှိ အဆိုပါ လုပ်ငန်းစက်ရုံသို့ ပို့ဆောင်ခဲ့သည်။
ရန်ကုန်မြို့ပင်လုံခမ်းမတွင် စာချုပ်ချုပ်ဆိုစဉ်က “နှုတ်ခမ်းမွှေးကိုထွန်း”ဆိုသူသည် ထိုင်းအေဂျင်စီ၏ ကိုယ်စားလှယ်၊ စကားပြန်အဖြစ်လိုက်ပါလာခဲ့ခြင်းပြီး အလုပ်သမားတို့၏ ဆွေမျိုးများရှိရာအလုပ်သို့ ပို့ဆောင်ပေးမည်ဟု ဖြားယောင်းသွေးဆောင်ကာ လူကြိုတင်စုဆောင်းခဲ့ ခြင်း၊ နောက်ကွယ်မှ ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်ကြောင်း။ ထိုင်းနိုင်ငံသို့ရောက်ရှိသည့်အခါတွင်လည်း ထိုင်းအေဂျင်စီ၏ ကိုယ်စားလှယ် စကားပြန်အဖြစ် လုပ်သားများ ထံသို့ ရောက်ရှိလာပြီး လုပ်သား ၉၇ ဦးထံမှ ဘတ် ၆၀၀၀ စီ ထပ်မံဖြတ်တောက်ခဲ့ကြောင်း သိရသည်။
အလုပ်သမားများမှ သက်ဆိုင်ရာ မြန်မာအေဂျင်စီသို့ တိုင်ကြားခဲ့ရာ စတားပိုင်အိုနီးယားအေဂျင်စီမှ ထိုင်းအေဂျင်စီနှင့် တွေဆုံဆွေးနွေးခဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများ နစ်နာဆုံးရှုံးမှု မရှိစေရန် စတားပိုင်အိုနီးယား အေဂျင်စီက အဖက်ဖက်မှ တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ထိုင်းဘက်ခြမ်းတွင် ဖြတ်တောက်ထားသော ဘတ် ၆၀၀၀ ပြန်လည်ရရှိစေရန် အလုပ်သမားများနှင့်အတူ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)သို့ သတင်းပို့တိုင်ကြား ခဲ့ခြင်းဖြစ်သည်။
MOEAF မှ သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့သို့ ချိတ်ဆက်တိုင်ကြားခဲ့ပြီး သတင်းအချက်အလက်များ ဆက်စပ်စုဆောင်းကာ ၇.၆.၂၀၁၈ နေ့တွင် အခြားကုမ္ပဏီတခုနှင့် စာချုပ်ချုပ်ရန် ရန်ကုန်မြို့သို့ရောက်ရှိနေသော ဒမန်းထွန်း အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လှိုင်သာယာမြို့နယ်တွင် ပိတ်ဆို့တားဆီး၍ ယင်းစီးနင်းလာသောကားနှင့်တကွ လက်ရ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ယင်းတရားခံအား မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်ဖမ်းဆီး ထိမ်းသိမ်းထားပြီးအလုပ်သမားများ၏ ငွေကြေးများ ပြန်လည်ရရှိရေးနှင့် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း MOEAF ပြန်ကြားရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
နှုတ်ခမ်းမွှေးကိုထွန်း ဆိုသူသည် နှစ်ဖက်အေဂျင်စီများ ၊အလုပ်သမားများကြားတွင် ယင်ကဲ့သို့လိမ်လည်မှုများ၊ အကြပ်ကိုင် ဒုက္ခပေးမှုများကို ယခင်အခါများကတည်းက အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးသော မှတ်တမ်းဟောင်းများရှိ၍ MOEAF မှ အရေးယူရန် စောင့်ကြည့်ရှာဖွေနေသောသူတဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်း - MOEAF ပြန်ကြားရေးကော်မတီ