ရွှေဆိုင်ဓါးပြတိုက်ခံရပြီး ဆိုင်ပိုင်ရှင်အား သေနတ်နှင့်ပစ်
11 Jun 2018 1,330 Views
ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ်မြို့ရှိ ဖြူစင်သန့် ရွှေဆိုင်အား သေနတ်ဖြင့်ခြိမ်းခြောက် ဓါးပြတိုက်ကာ ဆိုင်ရှင်ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် “ဖြူစင်သန့်” ရွှေဆိုင်ရှေ့သို့ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးကာ ရောက်ရှိလာပြီး ဆိုင်ကယ်ဦးထုတ်၊ မိုးကာအင်္ကျီအဝါရောင်အား မချွတ်ပဲ ဝတ်ဆင်လျှက် ရွှေဆိုင်ထဲသို့ဝင်ရောက်ခဲ့သည်။
ထို့နောက် ရွှေဆိုင်ထဲတွင် သေနတ်ထုတ်ပြကာ ခြိမ်းခြောက်လျှက် အသင့်ယူဆောင်လာသော အိတ်အတွင်း ရွှေများကို ထည့်ခိုင်းခဲ့သည်။ ရွေများကို အိတ်ထဲထည့်ပြီးနောက် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုအေး က ရွှေအိတ်ကိုလာပေးစဉ် ယင်းအမျိုးသားက ရွှေအိတ်ကို မယူပဲ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဒေါ်ချိုချိုအေး ဝဲဘက်ဝမ်းဗိုက်တွင် သေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကာ ကုသလျှက်ရှိကြောင်း သိရှိရသည်။
တရားခံအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ အပူတပြင်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်းဓါတ်ပုံ - ဓနအောင်တိုး