တက္ကစီယာဉ်မောင်းထံမှ မော်တော်ယာဉ်လုယက်သွားသူများအား ဖမ်းဆီးရမိ
04 Jun 2018 1,295 Views
ဇွန်လ ၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကားငှားစီ:လာသော ခရီးသည်နှစ်ဦးက တက္ကစီယာဉ်မောင်းထံမှ မော်တော်ယာဉ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လုယက်သူများအား လှိုင်သာယာရဲတပ်ဖွဲ့မှ အချိန်တိုတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ယာဉ်မောင်း ဦး------ မောင်နှင်လာသည့် ယာဉ်အမှတ် 7E------- PROBOX အမျိုးအစား အဖြူရောင် အငှားယာဉ်အား အလုံမြို့နယ်၊ သစ်တောမှတ်တိုင် အနီးအရောက် အမည်မသိ အမျိုးသားနှစ်ဦးမှ လှိုင်သာယာမြို့နယ်၊ သမကုန်းသို့ ငွေ(၅၀၀၀)ကျပ်ဖြင့် ငှားရမ်း၍ လိုက်ပါပို့ဆောင်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းနှင့်ဆိပ်ကမ်းသာလမ်းထောင့် အရောက်တွင် ယာဉ်၏နောက်ခန်းမှ လိုက်ပါလာသူ အမျိုးသားမှ ယာဉ်မောင်း ဦး-----၏ လည်ပင်းအား သိုင်းဖက်ကာ ရှေ့ခန်းတွင်လိုက်ပါလာသူ အမျိုးသားမှ ယာဉ်၏သော့အား ပိတ်ပြီးနောက် ဦး-----အား ယာဉ်ပေါ်မှ ဆင်းခိုင်း၍ ကားအား မောင်းနှင်လုယူသွားသဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၉၄/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ အဆိုပါ အငှားယာဉ်မှာ တိုက်ကြီးမြို့နယ်ဘက်သို့ မောင်းနှင်သွားကြောင်း စုံစမ်းသိရှိခဲ့သဖြင့် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၄.၆.၂၀၁၈ ရက်နေ့ နံနက် ၀၂၄၅ အချိန်တွင် အငှားယာဉ်အား တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မင်္ဂလာရပ်ကွက်၌ ယာဉ်အားလုယက်သွားသူ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် သန့်ဇင် (၂၄)နှစ်နှင့် အောင်သော်ကို (၂၇)နှစ် တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ သန့်ဇင်နှင့် အောင်သော်ကို တို့နှစ်ဦးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်းနှင့် ဥပဒေနှင့် အညီထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yangon Police မှ သတင်းရရှိသည်။