ခန္ဓာကိုယ်ကို သံတူရွင်းထုတ်ချင်းဖေါက်စိုက်ဝင်ခဲ့သူ မာရသွန်ပြိုင်ရန်ပြင်ဆင်
04 Jun 2018 1,483 Views
တောင်အာဖရိကရှိ ရွှေမိုင်းတွင်း တစ်ခုမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်သူတစ်ဦး မတော်တဆ ချော်လဲရာမှ ခြောက်ပေခန့်ရှည်လျားသော သံတူရွင်းပေါ်ပြုတ်ကျရာ ခန္ဓာကိုယ်အောက်ပိုင်းမှ စူးဝင်ခဲ့ပြီး ကျောဘက်မှ ထုတ်ခြင်းဖောက်သွားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ပြီး သူဟာ ယခုအခါ ပြန်လည်ကျန်းမာလာပြီး ၅၅ မိုင်ရှည်လျားသော မာရသွန်ပြေးပြိုင်ပွဲဝင်ရန်ပင် အားထုတ်လျှက်ရှိသည်။
Daniel de Wet ဆိုသူ အင်ဂျင်နီယာက ၂၀၁၅ ခုနှစ်တွင် ရွှေမိုင်းတွင်းထဲ၌ မြေအောက်အနက် ၂ မိုင်ခန့်တွင် အလုပ်လုပ်ကိုင်နေစဉ် ငြမ်းစင်ပေါ်ပြန်တက်ရာမှ ခြေချော်ကျခဲ့ပြီးနောက် အောက်တွင်ထောင်ထားသော သံတူရွင်းပေါ်သို့ ပြုတ်ကျကာ ထုတ်ခြင်းဖောက်သွားခဲ့သည်။
ထိုစဉ်က မိုင်းတွင်းထဲတွင် သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် နောက်တစ်ဦးဟာ ရှိနေခဲ့သည်။ ကျန်တစ်ဦးက သူ့ကိုကြည့်ပြီး သွေးပျက်နေစဉ် သူကပင် သံတူရွင်းကြီးစိုက်လျှက် စိတ်အေးအေးထားရန် ပြန်လည်ပြောဆိုခဲ့ရသည်။
အဲဒီနောက် ရေဒီယိုစကားပြောစက်ဖြင့် ဆက်သွယ်ကာ မိုင်းတွင်းထဲမှ ခက်ခက်ခဲခဲ ရဟတ်ယာဉ်ဖြင့် သယ်ထုတ်ခဲ့ရပြီး ဆေးရုံတင်ပို့ခဲ့ရသည်။
သံတူရွင်းဟာ သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းနဲ့ အူသိမ်အတွင်းဆုံးအပိုင်းတို့ကို ဖောက်ဝင်ခဲ့တာကြောင့် အစိတ်ပိုင်းများ ပျက်ဆီးသွားခဲ့ရသည်။ စိတ်ဓါတ်မာကျောလှသည့် အင်ဂျင်နီယာဟာ ဆေးရုံပေါ်မှာ သုံးပတ်အတွင်း ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့သည်။
သုံးနှစ်ခန့်ကြာခဲ့ပြီး ယခုအခါ ဇွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်မည့် ကွန်မရိဒ်မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှည်ပြိုင်ရန်ပင် ပြင်ဆင်နေပြီဖြစ်သည်။
သူဟာ မတော်တဆမှုမဖြစ်ခင် အချိန်ထိ မာရသွန်ပွဲများမှာ နှစ်စဉ်ဝင်ပြိုင်လေ့ရှိသူဖြစ်သည်။ မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် ဘယ်တော့မှ ဝင်ပြိုင်နိုင်မည်မဟုတ်တော့ဟု ထင်ထားခဲ့သည့် မာရသွန်ပြိုင်ပွဲကို သူ၏ဇနီးဖြစ်သူ Lizl နှင့် လုပ်ဖော်ကိုင်ဖက်များ၏ အားပေးမှုကြောင့် တဖန်ပြန်လည် ဝင်ပြိုင်တော့မည်ဖြစ်သည်။ မာရသွန်လမ်းကြောင်း၏ အရှည်မှာ ၅၅ မိုင်ရှိမည်ဖြစ်သည်။