BEC-TERO TV

ဆောက်လက်စတိုက်အတွင်း လူသတ်မှုတရားခံကို (၂)ရက်အတွင်း ဖော်ထုတ်နိုင်

24 May 2018     1,353 Views


ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်အတွင်းရှိ ဆောက်လက်စ အဆောက်အဦအတွင်း ကြိုးတုပ်ကာ ပါစပ်ကိုစက္ကူတိပ်ဖြင့် စည်းနှောင်လျှက် အသတ်ခံထားရသည့် လူသတ်မှုမှ တရားခံများကို ရဲအဖွဲ့မှ ၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေအိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် အဆောက်အဦအတွင်းတွင်
လုံခြုံရေး ဝန်ထမ်း ဦးဇော်ဝမ်း (၄၀) နှစ်မှာ ခြေနှစ်ဖက်ကို ဝါယာကြိုးဖြင့် ချည်နှောင်ထားပြီး ပါးစပ်ကို စက္ကူတိတ်ဖြင့် ပတ်လျက် ၎င်းအပေါ်မှ စွပ်ကျယ်ဖြင့် ထပ်မံချည်နှောင်ကာ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရကြောင်း သတင်းပေးတိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း(ပ) ၂၀၆ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

အခင်းဖြစ်ရပ်သို့ ပူးပေါင်းရံအဖွဲ့များက သွားရောက်စစ်ဆေးရာ အဆောက်အဦ လုံခြုံရေးတဲအတွင်းတွင် သေဆုံးသူပိုင်ဆိုင်သော သံသေတ္တာအား ဖျက်ဆီးမွှေနှောက်ထားလျက်တွေ့ရသည့်အပြင် သေဆုံးသူပိုင် Huawei အမျိုးအစား လက်ကိုင်ဖုန်း (၁) လုံး ပျောက်ဆုံးနေပြီး အနီးတွင် အဖြူရောင်တီရှုပ်(၁)ထည်၊ သွေးစွန်းနေသည့် သံတုတ် (၁) ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

ပူးပေါင်းအဖွဲ့မှ မှုခင်းဖြစ်စဉ်အပေါ် သုံးသပ်ရရှိသည့်အချက်များအရ ခိုးမှုပြစ်ချက်ဟောင်းရှိသူများအား သတင်းဖြန့်ကျက် စုံစမ်းခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင်နေထိုင်၍ တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများ လိုက်လံဝယ်ယူရောင်းချသူများဖြစ်သည့် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်း(၁၉) နှစ်နှင့် အောင်ဖြိုးကို (ခ) ကပ္ပလီ (၂၁) နှစ်တို့မှာ ၂၂.၅.၂၀၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က နေအိမ်သို့ရောက်ရှိလာပြီး မှန်ကွဲနေသည့်ဖုန်း(၁)လုံးပါရှိလာကြောင်း၊ ၎င်းတို့ဝတ်ဆင်ထားသည့် အဝတ်များကို ဝှက်ထားကြောင်း၊ ညစောင့်(၁) ဦးကိုလည်း ရိုက်နှက်ခဲ့ကြောင်း သတင်းစုံစမ်းရရှိသဖြင့် ၎င်းတို့နှစ်ဦးအား လိုက်လံ ရှာဖွေဖမ်း ဆီးရာ ၂၃.၅.၂၀၁၈ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် (၂) ရပ်ကွက် ရှိ အဟောင်းဆိုင်သို့ ပစ္စည်းများလာရောက်
ရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးအားစစ်ဆေးရာ ၂၂.၅.၂၀၁၈ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ပစ္စည်းများခိုးယူရန်အတွက် လိုက်လံ ကြည့်ရှုစဉ် ရန်ကင်းမြို့နယ်ရှိ ဆောက်လက်စ အဆောက်အဦအတွင်းသို့ သံတိုသံစများခိုးယူရန် ဝင်ရောက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းမှာ နိုးလာသဖြင့် အနီးရှိသံတုတ်ဖြင့် (၂)ချက်ရိုက်ခဲ့ကြောင်း၊ လျှပ်စစ် ပန်ကာမှ ဝါယာကြိုးကို ဖြတ်၍ ခြေထောက်(၂) ဖက်ကိုချည်နှောင်ခဲ့ကြောင်း၊ ပါးစပ်ကိုလည်း တိတ်ဖြင့် ပတ်၍ ၎င်းအပေါ်မှာ
စွပ်ကျယ်ဖြင့် ချည်နှောင်ခဲ့ကြောင်း၊ သံသေတ္တာ သော့ကိုရိုက်ဖျက်ပြီး ငွေ ၁၀၇၀၀ ကျပ်နှင့် Huawei ဖုန်းတို့ကို ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

ပြစ်မှုကျူးလွန်သူ အောင်ဖြိုး(ခ) ကပ္ပလီမှာ ၂၀၁၂ ခုနှစ်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရားဝင်း အတွင်းထားရှိသော အလှူခံပုံးမှ ငွေများခိုးယူခဲ့၍ သန်လျင်မြို့နယ်၊ လူငယ်ပြုစုထိန်းသိမ်းရေး သင်တန်းကျောင်းတွင် ထောင်ဒဏ် (၁)နှစ် (၂)လ ပြစ်ဒဏ်ကျခံခဲ့ဖူးကြောင်းသိရှိရသဖြင့် ဝင်းနိုင်ဖြိုး(ခ) ငရှိုင်းနှင့် အောင်ဖြိုး(ခ) ကပ္ပလီတို့အား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - Yangon Police

 


24 May 2018     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS