မြန်မာနိုင်ငံသား ၄၂ ဦးကို ထိုင်းရဲအဖွဲ့က တရားမဝင်ခိုးဝင်မှုနဲ့ ဖမ်းဆီး
15 May 2018 1,466 Views
မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၄၂ ဦးဟာ ထိုင်း - မလေးရှားနယ်စပ် ဆုန်ခလာခရိုင်မှာ ထိုင်းအာဏာပိုင်များရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်၊ ဆမ်နတ်ခန်ကျေးရွာအုပ်စု ၇ ရပ်ကွက်ရှိ တောအုပ်ထဲမှာ လူတစု ဝင်ရောက်ခိုလှုံနေကြောင်း ကြိုတင်သတင်းရထားချက်အရ နယ်ခြားစောင့်တပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပူးပေါင်းအဖွဲ့ဝင်တွေဟာ မေလ ၁၂ ရက်က အဆိုပါ တောထဲ ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။
မလေးရှားနိုင်ငံနဲ့ကပ်ရက် သံဆူးကြိုး ကာရံထားရာ တောင်ကုန်းအနီးရောက်တော့ လူတစုက သူတို့ကိုတွေ့တာနဲ့ ကစဉ့်ကလျား ထွက်ပြေးကြကြောင်း၊ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာတော့ အသက် ၂၀ နဲ့ ၄၀ ကြားရှိ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးရမိပြီး နောက်ထပ် ၁၀ ဦးကျော်လောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေကို စစ်ဆေးရာမှာ မြန်မာနယ်စပ်ကနေ ပရာကျူတ်ခီရီခန်မြို့နယ်ထဲ ယာယီ ဝင်ရောက်လာတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တစောင်စီကလွဲလို့ အခြား ဘာအထောက်အထားမှ မရှိကြောင်း၊ ဒါကြောင့် သူတို့ကို ထနဖတ်စခန်းဆီ ခေါ်လာပြီး စစ်ဆေး မေးမြန်းခဲ့တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေထဲက အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်သူ မချယ်ရီ (အသက် ၂၀ နှစ်)က ထွက်ဆိုရာမှာတော့ သူတို့အဖွဲ့က ကချင်ပြည်နယ်က လာတာဖြစ်ပြီး အဲဒီနေရာကို တခြားအဖွဲ့တွေနဲ့ပေါင်းကာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို လာရောက် စောင့်ဆိုင်းနေတာ ဖြစ်ကြောင်း၊ ပရာကျူတ်ကနေ ပွဲစားက ကားနဲ့တင်ခေါ်လာရာမှာ ဆဒေါင်းကို ရောက်ဖို့ လမ်းမှာ လေးရက်ကြာခဲ့ကြောင်း၊ ဒီရောက်တော့ နှစ်နိုင်ငံ ခြံစည်းရိုးကို ကျော်ပြီး မလေးရှားနိုင်ငံထဲ ခိုးဝင်ဖို့ စောင့်ဆိုင်းနေစဉ် တရက်အကြာ ခုလို အဖမ်းခံထိတာလို့ ဆိုပါတယ်။
ပွဲစားခကိုတော့ မလေးရှားနိုင်ငံထဲ ရောက်မှ ပေးချေရမယ်လို့ သူမက ဆက်ပြောပါတယ်။ တာဝန်ရှိသူတွေက ပွဲစားကို ခြေရာခံဖို့ သူတို့ဆီမှာပါလာတဲ့ တယ်လီဖုန်း အလုံး ၂၀ ကို သိမ်းဆည်းထားကြောင်း၊ ဖုန်းကတ်ဟာ ထိုင်းဖုန်းဖြစ်ပြီး အတွင်းမှာ မြန်မာစာတွေနဲ့သာ ဆက်သွယ် အသုံးပြုကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လောလောဆယ် သူတို့အားလုံးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ဆဒေါင်းမြို့နယ် လ.ဝ.က ရဲတပ်ဖွဲ့လက် အပ်နှံထားပါတယ်။
ဒီဗွီဘီ
Photo - MGR Online