အဖွဲ့လိုက်ပူးပေါင်းကြံစည်ပြီး ကျောင်းဆရာမလေးကို ကားတင်ပြေး အဓ္ဓမပြုကျင့်ရန်ကြိုးစား
10 May 2018 2,661 Views
တနင်္သာရီတိုင်း မြိတ်မြို့မှ ကျောင်းဆရာမလေးတစ်ဦးအား လိမလည်ခေါ်ယူပြီး ကားတင်ပြေးကာ ဟိုတယ်အခန်းအတွင်း ပိတ်လှောင်ပြီး အဓ္ဓမပြုကျင့်ရန် ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့က မူလွန်ကျောင်းဆရာမလေး မ−−−−− က သူမ၏နေအိမ်တွင် ရှိနေစဉ် အမည်မသိအမျိုးသမီးတစ်ဦး အိမ်သို့ရောက်လာကာ ဆရာမလေး၏ ဖခင်ထံမှကားငှားလိုကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ အိမ်တွင် မရှိသည့်အခိုက်ဖြစ်နေသဖြင့် ခတ္တထိုင်စောင့်ရန် ပြောကာ ဆရာမလေးမှ ဧည့်ခံစကားပြောခဲ့သည်။
ခဏအကြာတွင် အမျိုးသမီးက ညနေမှပြန်လာမည်ဟု ပြောကာ ပြန်ရန်ဟန်ပြင်ထရပ်လိုက်စဉ် ခြေထောက်က နာသည်ဟု ပြောသဖြင့် ဆရာမလေးက အမျိုးသမီ:အား ကူတွဲပြီး သူမငှားစီးလာသော ကားထံသို့ လိုက်ပို့ခဲ့သည်။ ကားနောက်ခန်းထဲအထိ တွဲပြီးလိုက်ပို့စဉ် ဆရာမကနောက်ခန်းထဲမှာ ထိုင်မိလျက်သားဖြစ်သည့်အချိန်တွင် အမျိုးသမီးက ကားတံခါားကို အတင်းဆွဲပိတ်ပြီး ကားသမားကို မောင်နှင်စေခဲ့သည်။
အဝေးပြေးကားဝင်းအသစ် အနီးသို့အရောက်တွင် ဆရာမအား ယခင်ထဲက တစ်ဖက်သတ်လိုက်လံ ချစ်ကြိုက်နေသည့် မြစ်ငယ်ရပ်ကွက်မှ ဘာဘူ ဆိုသူ ဆိုင်ကယ်ဖြင့်ရောက်လာပြီး အမျိုးသမီးကို ကားပေါ်မှ ဆင်းခိုင်ကာ သူက ကားထဲဝင်ထိုင်ပြီး ကားကို ဆက်လက်မောင်းနှင်ခိုင်းခဲ့ပါတယ်။
ထို့နောက် မြစ်ငယ်ရပ်ကွက်ရှိ Grand Jade Hotel သို့ ခေါ်ဆောင်သွားပြီး ဆရာမအား ခဏစကားပြောပါရစေဟု တောင်းပန်သဖြင့် ဆရာမကလည်း အော်ဟစ်အကူညီ မတောင်းဖြစ်ပဲ ၇ လွှာရှိ အခန်းနံပါတ် ၉ သို့ ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။
ထို့နောက် အခန်းထဲမှာ ပိတ်လှောင်ခဲ့သဖြင့် ဆရာမက လွတ်မြောက်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ခဲ့။ ဘာဘူက ဆရာမလေးအား အဓ္ဓမပြုကျင့်ရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့က ရောက်ရှိလာခဲ့ပြီး လက်မတင်လေး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဘာဘူ ဆိုတဲ့သူက အရင်ကတည်းက ဆရာမကို လိုက်ကြိုက်နေတယ် ၂ဝ၁၄ ခုနှစ် လောက်ကတည်းကဖြစ်မယ်။ ဆရာမက ပြန်မကြိုက်ဘူး အိမ်ထောင်ပြုဖို့ သတင်းကြားရတော့ ကားနှင့် တင်ပြေးတာဖြစ်တယ်။ ကျွန်တော်တို့ လိုက်လံစုံစမ်းရင်းနဲ့ ဟိုတယ်ကို ဒီလိုကားပုံစံမျိုး ဝင်သွားတယ်လို့သိ ရတဲ့အတွက် ၇ လွှာကို လိုက်လာတော့ ဖမ်းမိသွားတာဖြစ်တယ်"
လို့ မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင် မှပြောပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အလိုမတူပဲသွေးဆောင်ခေါ်ယူပြီး အဓမ္မပြုကျင့်ရန် ကြံစည်သူ ဘာဘူ(ခ)လှဘော် ( ၃၂ )နှစ်၊ ပူးပေါင်းကြံစည်သူများဖြစ်တဲ့ ကားမောင်းသူ
ဇော်ထွေး(ခ)ဂျမီး ( ၂၂ )နှစ်၊ ကုန်တိုက်အလုပ်သမားဖြစ်သူ လင်းလင်းထွေး(ခ)လင်းထွေး (၂၀)နှစ်၊ ဒေါ်ဥမ္မာ(ခ) ဘေဘေ( ၃၈ )နှစ်၊ ဆိုသူတို့အား မြိတ်မြို့မရဲစခန်းမှ ( ပ )၆၄၁ / ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၆၆ / ၁၁၄ ဖြင့်အမှုဖွင့်အရေးယူထား တယ်လို့သိရပါတယ်။
မြတ်ထွဋ် ( မြိတ် )