လူလွတ်ဟု လိမ်လည်ကာ အမျိုးသမီးငယ်များအား ပေါင်းသင်းပြီး နှိပ်စက်သူအား အရေးယူ
08 May 2018 1,292 Views
အမျိုးသမီးငယ်လေးများနဲ့ တွေ့လျှင် အပြောကောင်းကောင်းဖြင့် မိမိကိုယ်ကိုယ် လူလွတ်ဟုဆိုကာ ပေါင်းသင်းနေထိုင်ပြီးနောက် ရက်စက်စွာ နှိပ်စက်တတ်သူ အမျိုးသား၊ နောက်ဆုံးယူထားသော ဇနီးက မခံနိုင်တော့သည့်အဆုံး လိမ်လည်ပြောဆိုပေါင်းသင်းမှုဖြင့် ရဲစခန်းတွင် အမှုဖွင်ခဲ့သည်။
ပေါင်မြို့နယ် ဖြူဘကျေးရွာ၊ ကျေးရွာ ရပ်ကွက် ၁ တွင် နေထိုင်သူ ရာဂျား ၅၀ နှစ် (ဘ) ဦးဂွန်ဂျမ်း ဆိုသူသည် မယားကြီးနှင့် သားသမီးများရှိနေသော်လည်း အမျိုးသမီးငယ်များအား လိမ်လည်တောင်းယူ ပေါင်းသင်းနေသည်မှာ ၄/၅ ဦးရှိပြီဖြစ်ကြောင်း၊ ယူပြီးတစ်လ နှစ်လကြာချိန်တွင်
ရက်စက်စွာ ရိုက်နှက်ညှင်းဆဲပြီး ထွက်ပြေးသွားအောင် တမင်ပြုလုပ်တတ်သည်ဟု ဆိုသည်။
"ကျွန်မကိုသူလာတောင်းတယ်နော် သူကလူလွတ်လို့ပြောတယ် ဘုရားကျောင်းမှာ လက်ထပ်ပုတီးဆွဲပေးတယ် ပေါင်းလာတာ တစ်လပဲကြာတယ် ရိုက်တယ် တအားရိုက်တယ် သံပြားကိုမီးဖုတ်ပြီး ကျွန်မကိုကပ်ဖို့လုပ်တယ် ကျွန်မ အမေအိမ်ကိုထွက်ပြေးတယ် သူက မိန်းမတွေအများကြီးယူတယ် ကျွန်မ လိုပဲညှင်းဆဲတယ်" ဟု မေလ ၆ ရက်နေ့က ပေါင်ရဲစခန်းမှာ အမှုလာတိုင်သူ မစန်းစန်းဝင်း က ပြောသည်။
မိမိအား လူလွတ်ပါဟု ယုံအောင်ပြောကာ လိမ်လည်ပေါင်းင်းခဲ့ပြီး နောက်မှ ၎င်းတွင် တရားဝင်ကွာရှင်းထားခြင်းမရှိသေးသောဇနီးများ ရှိနေကြောင်းသိရသဖြင့် သဲကုန်းကျေးရွာ ခင်တန်းပိုင်းနေသူ မစန်းစန်းဝင်း မှ ရာဂျား အား ပေါင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားချက်အရ ပေါင်ရဲစခန်းမှ (ပ)၂၃၂/၂၀၁၈ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်။
တရားဝင်ကွာရှင်းထားခြင်းမရှိသေးပဲ ဇနီးရှိပါလျှက် လိမ်လည်ပြီး ထပ်မံထိမ်းမြားခြင်းခံရသူ နောက်ဆုံးဇနီးက တိုင်ကြားစွဲဆို ခဲ့ခြင်းမှာ ပေါင်မြို့နယ်တွင် ယခုအမှုသည် ပထမဆုံးဖြစ်ကြောင်းသိရသည်။
အဆိုပါ ပုဒ်မ၏အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်ကြောင်း ပေါင်နေ့စဉ်သတင်းမှ သိရှိရသည်။