အိမ်ယာမဲ့အမျိုးသမီးတစ်ဦး ရေမြောင်းအတွင်း သေဆုံးလျက်တွေ့ရှိ
03 May 2018 1,444 Views
မေလ ၃ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်တွင် စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးတစ်ဦး ရေမြောင်းအတွင်း ရေနစ်သေဆုံးနေကြောင်းသိရသည် ။
ဖြစ်စဉ်မှာ အမည်မသိရသေးသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ ပဲခူး - သနပ်ပင် ကားလမ်းဝဲဘက်ခြမ်း ရွေမောဓေါဘုရား တောင်ဘက်မုဒ်အနီး အကျယ် ၁၀ ပေ အမြင့် ၅ ပေ ရေအနက် ၁ ပေခန့်ရှိရေမြောင်းအတွင်း ရေနစ်သေဆုံးနေကြောင်း ရဲစခန်းသို့ ဖုန်းဖြင့်အကြောင်းကြားလာသည်။ ရဲစခန်းမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမျိုးသမီးမှာ မှောက်လျက်အနေအထားဖြင့် ဝဲယာခြေလက်များတွင် ပဲကြီးရေခွံတွန့်လျက်ရှိပြီး ပြင်ပဒဏ်ရာ မတွေ့ရှိပဲ သေဆုံးနေကြောင်း သိရသည် ။
”ဘယ်အချိန်က ဘာကြောင့် သေဆုံးနေတယ် ဆိုတာမသိရသေးဘူး သေဆုံးသူက စိတ်ကျန်းမာရေးမကောင်းတဲ့ အိမ်ယာမဲ့တစ်ဦးလို့တော့သိထားတယ်။ နန်းတော်ရာရဲကင်းကနေ မြို့မရဲစခန်းကို အကြောင်းကြားပြီး တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးခဲ့တယ်။ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်” ဟု ရပ်ကွက်အတွင်းရှိ ပြည်သူတစ်ဦးကပြောသည် ။
ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး သေမူသေခင်းအမှတ်စဉ် ၁၁/၂၀၁၈ ရေးဖွင့်ကာ ဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။