အွန်လိုင်းပေါ်မှ အလှူရှင်ကြီးများကို စိုင်းစိုင်းခမ်းလှိုင်မေတ္တာရပ်ခံ
03 Apr 2018 1,383 Views
စေတနာသဒ္ဒါတရား ရက်ရောထက်သန်လွန်းစွာဖြင့် အွန်လိုင်းပေါ်မှာ အလှူပေးနေသူများအား အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၂ ရက်နေ့ ညက သူ၏ လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်မှ မေတ္တာရပ်ခံခဲ့သည်။
ရုပ်ရှင်၊ ဂီတ၊ စာပေ အစရှိသော အနုပညာထုတ်ကုန်များကို အွန်လိုင်းပေါ်မှနေတစ်ဆင့် တရားမဝင်ဖြန့်ဖြူးပေးနေကြတာ ဆယ်စုနှစ် နှစ်ခုခန့်ရှိနေကြပြီဖြစ်သည်။ အနုပညာဖန်တီးသူများအနေနဲ့ အခကြေးငွေဖြင့် ရောင်းချဖြန့်ဖြူးသော ရုပ်ရှင်၊ သီချင်း၊ စာပေ စသည်တို့ကို ယခင် ဖေ့စ်ဘွခ် မပေါ်သေးမီကပင် အွန်လိုင်းပေါ်၌ ဝဘ်ဆိုက်များထောင်ကာ အခမဲ့ဖြန့်ဝေမှုများ အပြိုင်ဆိုင်ရှိခဲ့ကြသည်။
ယင်းကဲ့သို့ မူပိုင်ခွင့်ချိုးဖောက်ကာ တရားမဝင်ဖြန့်ဖြူးနေကြသူများအားလုံး၏ တူညီသော တစ်ခုတည်းသော ဆင်ခြေမှာ “နိုင်ငံရပ်ခြားမှာရောက်နေတဲ့ မြန်မာများ အခွေဝယ်လို့မရနိုင်လို့ ကူညီခြင်းသာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပုန်းကွယ်နေတတ်ကြသည်။
ဖေ့စ်ဘွခ်ပေါ်ပေါက် ခေတ်စားလာပြီးနောက် အဆိုပါဝဘ်ဆိုက်များ တစ်ဖြည်းဖြည်း မှေးမှိန်လျော့ပါးသွားတဲ့အခါမှာတော့ အခွေတစ်ခွေဝယ်ယူကာ အခမဲ့ တင်လို့ရတဲ့ cloud service တွေမှာ တင်ပြီးနောက် လူသုံးများတဲ့ လူမှုကွန်ယက်ပေါ်ကနေ Download link များကို တိုက်ရိုက်ဖြန့်ဝေမှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
ထိုအတွက် ငွေကြေးအကုန်ကျများစွာဖြင့် ဖန်တီးထားသော အနုပညာရှင်များ ထိခိုက်နစ်နာလာကြရသည်။ ဆုံးရှုံးမှုတွေရှိလာတဲ့အတွက် ဖန်တီးသူတွေမျာလည်း ထပ်မံဖန်တီးဖို့ အားမရှိတော့၊ ဒီလိုနဲ့ အကျိုးဆက်က အနုပညာအရည်အသွေးတွေ တစ်စ တစ်စ ကျဆင်းလာတာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ ပရိသတ်များကသာ အရည်အသွေးညံ့ဖျင်းတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ စာပေအနုပညာတွေကိုသာ မြင်ရကြားရသည့် အခြေအနေကို ဆိုက်ရောက်ခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်မို့ မကြာမီရက်ပိုင်းအတွင်းက ထွက်ရှိခဲ့သော “စိုင်းစိုင်းခမ်းလှိုင်” ၏ သီချင်းခွေနဲ့ ပက်သက်ပြီး စိုင်းစိုင်းက အွန်လိုင်းပေါ်က စေတနာကောင်းလွန်းတဲ့ အလှူရှင်ကြီးများကို အောက်ပါအတိုင်းရေးသား မေတ္တာရပ်ခံခဲ့ပါတယ်။
သီချင်းတစ်ခွေ ၃၅၀၀- ၄၀၀၀ ကျပ်ဟာ တေးရေး/တေးဆို/တီးခတ်/ထုတ်လုပ်နဲ့ ဒီproduction မှာပါဝင်သူတွေအားလုံး ခွဲဝေရရှိတာဖြစ်ပါတယ်။ ကိုယ့်ရပိုင်ခွင့်တွေမရရှိရင် ဒီဂီတလုပ်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့ ပိုပိုဒုက္ခရောက်လာပြီးတော့ ထပ်မံထုတ်လုပ်ဖို့ ခက်ခဲလာမှာပါ (စိုင်းစိုင်းတစ်ယောက်တည်းနဲ့အခွေတစ်ခွေမဖြစ်ပါဘူး )
စိုင်းစိုင်းပရိသတ်များအနေနဲ့ Download link တွေကို မ share ဖို့နဲ့ အားပေးခြင်းမပြုလုပ်ဖို့ မေတ္တာရပ်ခံလိုပါတယ်
ပြီးတော့ မူရင်းအခွေ ဒါမှမဟုတ် Myannmar Music Store ကနေ digital download ဝယ်ယူထားသူများကလည်း မိမိအမှန်အကန်အားပေးကြောင်းကိုဂုဏ်ယူစွာနဲ့ ကိုယ့် Timeline မှာဓာတ်ပုံတွေတင်ပေးကြပါခင်ဗျား