BEC-TERO TV

စံချိန်သစ်တင်သွားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့လက်မှတ်ထိုးပွဲ

02 Apr 2018     1,350 Views


မိန်းကလေးများသာမက ယောကျာ်းလေးများပါ တစ်ခဲနက်အားပေးကြတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI SAI is SAI SAI သီချင်းခွေသစ်ကတော့ ဧပြီလ ၁ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။ သီချင်းခွေသစ်မထွက်တာ ၅နှစ်လောက်ကြာခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းရဲ့ ၉ခုမြောက် Album လေးလဲဖြစ်ပါတယ်။ထိုသီချင်းခွေသစ်ရောင်းချတဲ့ လက်မှတ်ထိုးပွဲကြီးကို ဧပြီလ ၁ရက်နေ့ Junction Square မှာ နေ့လည် ၁နာရီက စတင်ပြုလုပ်ခဲ့ပါတယ်။ လာရောက်ဝယ်ယူအားပေးကြတဲ့ ပရိသတ်များ အင်မတန်များလှတဲ့အတွက်ကြောင့် စိုင်းစိုင်းရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ စံချိန်တင်လက်မှတ်ထိုးပွဲကြီး ဖြစ်ခဲ့ရပါတယ်တဲ့။ 

“ကျနော့်အနုပညာသက်တမ်းတလျှောက်စံချိန်တင် လက်မှတ်ထိုးပွဲဖြစ်ပါတယ်၊ နေ့လည် ၁ နာရီခွဲမှာ စထိုးတာ ည ၇ နာရီခွဲအထိ ၆ နာရီ non stop ထိုးရတာပါ။ ပွဲတစ်ပွဲထဲမှာ ဒီလောက်အရေအတွက်အထိရောင်းရတာလည်း ဒါပထမဆုံးဖြစ်ပြီးတော့ လူအရေအတွက်လည်းအများဆုံးပါပဲ။ စင်တာ အပြင်အထိ တန်းစီနေကြတာ တစ်ဖက်မှာလည်း အားလည်းနာတယ်၊ တစ်ဖက်မှာလည်း အားပေးမှုအတွက် ကြည်နူးဝမ်းသာပါတယ်” ဆိုပြီး ၀မ်းသာပျော်ရွှင်စွာ ပြောပြထားပါတယ်။

ဆက်လက်ပြီးတော့လည်း စိုင်းစိုင်းက လာရောက်အားပေးကြတဲ့ ပရိသတ်များနဲ့ ပါဝင်ကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ “မထွက်သေး နားမထောင်ရသေးတဲ့ အခွေအသစ်အတွက် ဒီလောက်အားပေးတာ ကျနော့်အနုပညာကို ယုံကြည်မှုပေးထားတာ အခုအချိန်အထိ ကြက်သီးထနေပါတယ်။ ဒီနေ့ပွဲအတွက် ပရိသတ်အားလုံးရော၊ ပါဝင်ကူညီကြသူတွေရော၊ Operation မှာပါဝင်ခဲ့ကြတဲ့ ဘော်ဒါတွေ လုပ်ဖော်ကိုင်ဖက်တွေရော လူတိုင်းလူတိုင်းကို ကျေးဇူး အထူး (အထူး ) တင်ပါတယ်ခင်ဗျား”….

“( စာကြွင်း - selfie 5000 လောက် မနားတမ်း ရိုက်ဖူးတာလည်း ပထမဆုံးပါပဲခင်ဗျာ )” ဆိုပြီး စာကြွင်းလေးနဲ့အတူ မနားတမ်း selfie ရိုက်ဖူးတာ ပထမဆုံးဖြစ်ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မကြာခင် ဧပြီ ၁၀ ရက်နေ့မှာ ၃၉နှစ်ပြည့်တော့မယ့် စိုင်းစိုင်းက Birthday show ပွဲကိုလဲ ရန်ကုန် သုဝဏ္ဍဘူမိမှာ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ 

 


02 Apr 2018     1,350 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment